နေပြည်တော်၊ဧပြီလ(၂၉)ရက်။အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်အနေနဲ့ ပြီးခဲ့တဲ့ ၂၀၁၈ ခုနှစ်က တိုင်းကြားစာစောင် စုစုပေါင်း ၁၀,ဝ၀ဝ ကျော်လက်ခံရရှိခဲ့ပြီး ရန်ကုန်တိုင်းဒေသကြီးက တိုင်ကြားမှုအများဆုံးဖြစ်တယ်လို့ အဂိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ရဲ့ နှစ်ပတ်လည်လုပ်ငန်းဆောင်ရွက်မှု အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။
သည်ကနေ့ ကျင်းပတဲ့ ပြည်ထောင်စုလွှတ်တော်မှာ ကော်မရှင်ဥက္ကဌ ဦးအောင်ကြည်က အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ရဲ့ နှစ်ပတ်လည်လုပ်ငန်းဆောင်ရွက်မှု အစီရင်ခံစာကို ရှင်းလင်းတင်ပြသွားတာဖြစ်ပါတယ်။
၂၀၁၈ ခုနှစ်မှာ တိုင်ကြားစာပေါင်း ၁၀,၅၄၃ စောင် လက်ခံရရှိပြီး ရန်ကုန်တိုင်းဒေသကြီးက ၂,၄၅၂ စောင် ပါဝင်ကာ တိုင်းဒေသကြီးပြည်နယ်တွေထဲမှာ တိုင်ကြားမှုအများဆုံးဖြစ်ပါတယ်။မန္တလေးတိုင်းဒေသကြီးကတော့ တိုင်းကြားစာပေါင်း ၁,၈၇၇ စောင် နဲ့ ဒုတိယအများဆုံး ဖြစ်ခဲ့ပြီး ဧရာဝတီတိုင်းဒေသကြီးက ၁,၂၃၁ စောင်နဲ့ တတိယ အများဆုံးဖြစ်ခဲ့ပါတယ်။
တိုင်ကြားတဲ့အကြောင်းအရာတွေကတော့ အဂတိလိုက်စားကြောင်းဖော်ပြတိုင်တန်းမှု၊စီမံခန့် ခွဲရေး/အုပ်ချုပ်ရေးဆိုင်ရာ လွဲမှားဆောင်ရွက်မှု၊လယ်ယာမြေစီမံခန့် ခွဲမှု၊တရားစီရင်မှု၊ဌာနတွင်း ပုဂ္ဂိုလ်ရေး မမှန်မကန်ဆောင်ရွက်မှု၊တိုင်ကြားစာ ပြန်လည်ရုပ်သိမ်းမှု နဲ့ အထွေထွေ အကြောင်းအရာတို့ ပါဝင်ပါတယ်။
ပြီးခဲ့တဲ့နှစ်ရဲ့ တိုင်ကြားစာ ၁၀,ဝ၀ဝ ကျော်ထဲမှာ ကော်မရှင်အနေနဲ့ လက်ရှိ ဆောင်ရွက်ထားမှုကတော့ စုံစမ်းစစ်ဆေးတဲ့ တိုင်ကြားစာ ၄၆ စောင်၊ဝန်ကြီးဌာနနဲ့ ပြည်နယ်/တိုင်း အစိုးရအဖွဲ့ သို့ လွှဲပြောင်းပေးပို့ တဲ့တိုင်ကြားစာ ၁,၇၉၅ စောင်၊ပြည်သူများထံ အကြံပြုချက်နဲ့ အသိပေးပြန်ကြားတဲ့စာ ၅,၂၆၈ စောင်၊အရေးယူဆောင်ရွက်လို့ မရတဲ့ တိုင်ကြာစာ ၂,၈၂၄ စောင် နဲ့ စိစစ်ဆောင်ရွက်ဆဲ တိုင်ကြားစာပေါင်း ၆၁၀ ရှိတယ်လို့ သိရပါတယ်။
အခုလို ကော်မရှင်ရဲ့ ဆောင်ရွက်ထားမှုကြောင့် ၂၀၁၈ ခုနှစ်အတွင်း သက်ဆိုင်ရာဌာနများမှာ ဆုံးရှုံးနိုင်ဖွယ်ရှိတဲ့ ကျပ်သန်း ၃၀ ကျော်(၃၀.၈၉ သန်း)နဲ့ အမေရိကန်ဒေါ်လာ ၄ သန်းကျော်(၄.ဝ၀၃ သန်း)တို့ ကို ပြည်သူ့ ဘဏ္ဍဍာငွေအဖြစ် ပြန်လည်ပေးသွင်းစေခဲ့တယ်လို့ သိရပါတယ်။
ဒါပေမယ့် ကော်မရှင်အနေနဲ့ တတိယအဖွဲ့ အစည်းတစ်ခုကို လုပ်ငန်းအပ်နှံပြီး ၂၀၁၈ ခုနှစ် အောက်တိုဘာလ မှ ဒီဇင်ဘာလအထိ ချင်းပြည်နယ်မှအပ နိုင်ငံတစ်ဝန်းလုံးကို အဂတိလိုက်စားမှုစစ်တမ်းကောက်ယူခဲ့ရာမှာတော့ အဂတိလိုက်စာမှုက သိသိသာသာကျဆင်းမှုမရှိသေးတာကို တွေ့ ရှိခဲ့ရတယ်လို့ အစီရင်ခံစာမှာဖော်ပြထားပါတယ်။
အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်မှ ဥက္ကဌ ဦးအောင်ကြည်က`ကော်မရှင်သည် အဂတိလိုက်စားမှုတိုက်ဖျက်ရေးမဟာဗျူဟာ အောင်မြင်ရေးအတွက် ၂၀၁၉ ခုနှစ်မှာ အဂတိလိုက်စားမှုတားဆီးကာကွယ်ရေးနှင့်တိုက်ဖျက်ရေးလုပ်ငန်းများကို ပိုမိုအရှိန်အဟုန်မြှင့်တင် ဆောင်ရွက်သွားဖို့ လိုအပ်လျှက်ရှိပါတယ်`လို့ ပြောပါတယ်။
ဒါ့အပြင် အဂတိလိုက်စားမှုဖြစ်စေတဲ့ အဓိကအကြောင်းတရားများတွင် အများပြည်သူအကျိုးထက် မိမိ ကိုယ်ကျိုးအတွက် သာဦးစားပေးနေသူကများနေခြင်း၊ အစဉ်အလာအတိုင်းသာ ဆက်လက်လုပ် ဆောင် လိုကြပြီး မပြောင်းလဲနိုင်ကြခြင်း၊ ထိရောက်စွာအရေးယူမှုအားနည်းခြင်း နဲ့ တချို့နေရာများမှာ တရား ဥပ ဒေစိုးမိုးမှု အားနည်းခြင်းတို့ကြောင့် ဖြစ်ရတယ်လို့  ပြည်သုများ ကရှုမြင်သည်ကိုတွေ့ရှိရကြောင်း လည်း ဥက္ကဌက အစီရင်ခံစာဖတ်ကြားရာမှာ ထည့်သွင်းပြောဆိုသွားပါတယ်။
သည့်အတွက်လည်း သည်နှစ် ၂၀၁၉ လုပ်ငန်းစဉ်မှာ ဥပဒေမူဘောင် ပိုမိုခိုင်မာရေးအတွက် ထုတ်ဖော်သတင်းပေးသူကို အကာအကွယ်ပေးရေး ဥပဒေကြမ်းရေးဆွဲရေးနဲ့ ဥပဒေနဲ့ အညီထိရောက်စွာအရေးယူနိုင်ဖို့ နည်းဥပဒေအသစ်ရေးဆွဲရေးတို့ ကိုလည်း ဆောင်ရွက်နေပြီးလို့ သိရပါတယ်။
နိုင်ငံတကာပွင့်လင်းမြင်သာမှုအဖွဲ့ (TI)ရဲ့ သတ်မှတ်ချက်အရ ၂၀၁၈ ခုနှစ်မှာ မြန်မာနိုင်ငံရဲ့ အဂတိလိုက်စာမှု့ အညွှန်ကိန်းဟာ နိုင်ငံပေါင်း ၁၈၀ မှာ မြန်မာနိုင်ငံက အဆင့် ၁၃၂ နေရာမှာ ရှိခဲ့ပြီး အရင်နှစ်ထက်တော့ အဆင့် ၂ ဆင့်ကျဆင်းသွားတယ်လို့ သိရပါတယ်။ တိုင်းကြားစာလက်ခံရှိမှုကလည်း ၂၀၁၈ ခုနှစ်မှာ အရင်နှစ်ထက် ၅ ဆခန့် ပိုမိုရရှိခဲ့ပါတယ်။
No comments:
Post a Comment