Monday, April 29, 2019

ဒုရဲမှူးဟောင်း မိုးရန်နိုင်ကို သူရဦးရွှေမန်းပါတီမှာ ပါဝင်ဖို့ ကမ်းလှမ်း

 ဒုရဲမှူးဟောင်း မိုးရန်နိုင်ကို သူရဦးရွှေမန်း ဦးဆောင်တဲ့ ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီ (UBP) က ပါတီဝင်ဖို့ ပါတီက ကမ်းလှမ်းထားကြောင်း သိရပါတယ်။
UBP က ပါတီမှာ ပါဝင်ဆောင်ရွက်ဖို့ ကမ်းလှမ်းထားတာမှန်ကန်ကြောင်းနဲ့ အဲဒီကိစ္စကို မဆုံးဖြတ်ရသေးကြောင်း ရန်ကုန်ခေတ်သစ်မီဒီယာကို ဒုရဲမှူးဟောင်း မိုးရန်နိုင်က ပြောကြားထားပါတယ်။
ဒါ့အပြင် မနေ့က မန္တလေးမြို့မှာ ကျင်းပတဲ့ ပြည်သူ့ဂုဏ်ရည်ဆုပေးပွဲမှာလည်း နိုင်ငံရေးကို လေ့လာနေကြောင်း ဒုရဲမှူးဟောင်း ဦးမိုးရန်နိုင်က သတင်းမီဒီယာတွေကို ပြောခဲ့ပါတယ်။
ထောင်ဒဏ် ခုနှစ်နှစ် ချမှတ်ခံထားရတဲ့ ရိုက်တာ သတင်းထောက် ကိုဝလုံးနဲ့ ကိုကျော်စိုးဦး တို့ကို ထောင်ချောက်ဆင် ဖမ်းဆီးခဲ့တာဖြစ်ကြောင်း ရန်ကုန်အနောက်ပိုင်းခရိုင် တရားရုံးမှာ ဒုရဲမှူးဟောင်း မိုးရန်နိုင်က ထွက်ဆိုခဲ့တာကြောင့် ရဲစည်းကမ်းဖောက်ဖျက်မှုနဲ့ ၂၀၁၈ ခုနှစ်မှာ ထောင်ဒဏ် တစ်နှစ် ကျခံခဲ့ရပါတယ်။
သူဟာ ပြည်ပရောက်မြန်မာနိုင်ငံသားတွေ ချီးမြှင့်တဲ့ ၂၀၁၉ ခုနှစ် ပြည်သူ့ဂုဏ်ရည် အထူးဆုကိုလည်း ရရှိခဲ့သူဖြစ်ပါတယ်။
RFA

မြန်မာ့ တပ်မတော်နဲ့ ခေါင်းဆောင်တွေကို EU ဆက်လက် ပိတ်ဆို့



ဥရောပနိုင်ငံများအဖွဲ့ EU က မြန်မာနိုင်ငံကို လက်နက်တင်ပို့ရောင်းချမှုနဲ့ မြန်မာ့တပ်မတော် ထိပ်တန်း ခေါင်းဆောင် ၁၄ ဦးအပေါ် ပိတ်ဆို့အရေးယူမှုတွေကို နောက်နှစ် ဧပြီလ ၃ဝ ရက်နေ့အထိ သက်တမ်း တစ်နှစ် တိုးလိုက်ပါတယ်။ အဲဒီ ပိတ်ဆို့မှုတွေအရ တပ်မတော်ခေါင်းဆောင်တွေကို ဥရောပအဖွဲ့ဝင်နိုင်ငံတွေက ဝင်ရောက်ခွင့် ပိတ်ပင်ထားပြီး ဥရောပရှိ သူတို့ရဲ့ ပိုင်ဆိုင်ခွင့်တွေကိုလည်း ထိန်းချုပ်ထားပါတယ်။ ဒါပေမဲ့ EU နိုင်ငံတွေမှာ အဲဒီ တပ်မတော်ခေါင်းဆောင်တွေရဲ့ ပိုင်ဆိုင်မှု ဘယ်လောက်ရှိသလဲဆိုတာတော့ မသိရပါဘူး။

အခု ပိတ်ဆို့မှုအရ မြန်မာ့တပ်မတော်ကို သင်တန်းပေးခြင်းနဲ့ ပူးပေါင်းဆောင်ရွက်ခြင်း မပြုလုပ်ဖို့လည်း တားမြစ်ထားပါတယ်။ အခုလို EU က ပိတ်ဆို့မှုသက်တမ်းတိုးတာနဲ့ ပတ်သက်ပြီး မြန်မာအစိုးရနဲ့ တပ်မတော်ရဲ့ တုံ့ပြန်ပြောကြားချက် တစ်စုံတရာကို မသိရသေးပါဘူး။

ရိုဟင်ဂျာ ၃ ဦး ဖေါက်ခွဲ ပစ္စည်းလက်ဝယ်တွေ့ရှိမှု Bangladesh ထောင်ဒဏ် ၁၀ နှစ်စီချမှတ်


အိန္ဒိယနိုင်ငံအနောက် ဘင်္ဂလားပြည်နယ်က Burdwan မြို့မှာ ၂၀၁၄ခုနှစ်တုန်းက ဖြစ်ပွါးခဲ့တဲ့ ပေါက်ကွဲမှုတခုနဲ့ပတ် သက် ပြီးဆက်နွယ်မှုရှိတဲ့ မြန်မာနိုင်ငံက ရိုဟင်ဂျာသုံးဦးကို ဘင်္ဂလားဒေ့ရှ်နိုင်ငံ မြို့တော်ဒါကာ မှာရှိတဲ့အထူးတရားရုံးက ထောင်ဒဏ် ဆယ်နှစ်ဆီချမှတ်လိုက်ကြောင်း AFP သတင်းမှာ မနေ့က ဖေါ်ပြထားပါတယ်။
သူတို့သုံးဦးကိုဖေါက်ခွဲရေး ပစ္စည်းတွေသယ် ဆောင်မှုနဲ့ ဒါကာမြို့မှာ ၂၀၁၄ာခုနှစ် ဒီဇင်ဘာလတုန်းက စွဲချက်တင်ခဲ့တာပါ။အဲဒီသုံးဦးကတော့ Md Nur Hossain အသက်၃၀၊ Yeasir Arafat ၂၆နှစ်နဲ့ Omar Karim ၂၉ နှစ်တို့ဖြစ်ကြပါတယ်။ အဲဒီအထဲက Omar Karimက တော့ တရားခံပြေးဖြစ်နေပါတယ်။ သူတို့သုံးဦးကို ဘင်္ဂလားဒေ့ရှ် ငွေ တသောင်းဆီပေးဆောင်ဖို့လည်း ဒဏ်ငွေချမှတ် ခဲ့ပါတယ်။ သူတို့တွေဟာ RSO လို့ခေါ်တဲ့ ရိုဟင်ဂျာသွေးစည်းညီညွှတ်ရေးအဖွဲ့အပါအ၀င် နိုင်ငံတကာက စစ်သွေးကြွ အုပ်စုတွေနဲ့လည်း ပတ်သက်ဆက်နွယ်နေသူတွေ ဖြစ်ကြပြီး ဖေါက်ခွဲရေးဆိုင်ရာဥပဒေနဲ့သူတို့ကိုအရေးယူ ထားတာလို့ ဘင်္ဂလားဒေ့ရှ် အစိုးရရှေ့နေကပြောပါတယ်။
RSO အဖွဲ့ဟာ ရခိုင်ပြည်နယ်အတွင်း ၁၉၈၀နဲ့၉၀ပြည့်နှစ်တွေ မှာ လှုပ်ရှားခဲ့တဲ့ စစ်သွေးကြွအဖွဲ့တခုဖြစ်ပါတယ်။ အိန္ဒိယနိုင်ငံ အနောက် ဘင်္ဂလားပြည်နယ်က Burdwan မြို့မှာ ၂၀၁၄ခု နှစ်တုန်းက ဖြစ်ပွား ခဲ့တဲ့ဖေါက်ခွဲတိုက်ခိုက်မှုကြောင့် လူအနည်းဆုံး၂ဦးသေဆုံးပြီး ဒဏ်ရာရသူတွေတော်တော်များများရှိခဲ့ တာပါ။

ရသေ့တောင်တွင် လက်နက်ကြီးကျည်ပေါက်ကွဲ၍ ကလေးတစ်ဦးသေ၊ နှစ်ဦးဒဏ်ရာပြင်းထန်


တပ်မတော်နှင့် AA တို့ အကြား တိုက်ပွဲအပြီး မပေါက်ကွဲ ဘဲကျန်နေသည့်လက်နက်ကြီး ကျည်ဖြင့် ဆော့ကစားရာမှ ဧပြီ ၂၈ရက် နံနက်တွင် ပေါက်ကွဲမှုဖြစ်ကာ ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ်မှ ကလေးငယ်တစ်ဦးသေဆုံးပြီး နှစ်ဦးဒဏ်ရာရရှိသည်။
‘‘ချောင်းနားမှာ အဲဒီကလေး တွေက ဗုံးသီး၊ လက်နက်ကြီး ကျည်ကို ဆော့ကြတယ်လို့ပြော တယ်’’ ဟု ရသေ့တောင်ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ်ဒေါ်ခင် စောဝေက ဆိုသည်။
ပေါက်ကွဲမှုဖြစ်စဉ်ကြောင့် အသက်(၁၄)နှစ် အရွယ် ယောက်ျားလေးတစ်ဦးသေဆုံး ပြီး (၁၂)နှစ်နှင့် (၄)နှစ်အရွယ် ကလေးနှစ်ဦး ပြင်းထန်စွာဒဏ်ရာ ရရှိကြောင်း၊ ဒဏ်ရာရကလေး ငယ်နှစ်ဦးကို စစ်တွေဆေးရုံသို့ ပို့ဆောင်ကုသနေကြောင်း ၎င်းက ရှင်းပြသည်။
တပ်မတော်နှင့် AA တို့၏ စစ်ရေးပဋိပက္ခအတွင်း တိုက်ပွဲ ကျန်မိုင်းကြောင့် အရပ်သားသေ ဆုံး၊ ဒဏ်ရာရခြင်းများ ယခင်က လည်းရှိခဲ့သည်။ ပုဏ္ဏားကျွန်းမြို့ နယ်ရှိ သစ်ခုတ်လုပ်ငန်းဆောင် ရွက်သူများသည် တောထဲတွင် တွေ့သည့် လက်နက်ကြီးကျည် ကို ခေါက်ကြည့်ရာမှ ပေါက်ကွဲပြီး ကိုယ်ဝန်ဆောင်အမျိုးသမီးအပါ အ၀င် နှစ်ဦးသေဆုံးသည်။
ရခိုင်အမျိုးသားပါတီ(ANP) အနေဖြင့် ရခိုင်ဒေသစစ်ရေးပဋိ ပက္ခနှင့်ပတ်သက်ပြီး အရပ်သား ထိခိုက်မှုအခြေအနေအစီရင်ခံစာ ကို အစိုးရထံတင်ပြရန် စုံစမ်းရေး ကော်မရှင်ဖွဲ့စည်းပြီး မတ်လက တည်းက စာရင်းကောက်ယူနေရာ မကြာမီအစီရင်ခံစာအချောသပ် နိုင်မည်ဟု ကော်မရှင်အဖွဲ့ဝင် ဒေါ်ခင်စောဝေက ပြောသည်။
‘‘ဒ်ီတစ်ပတ်အတွင်းလောက် ဆိုရင်တော့ ပြီးလောက်ပါတယ်’’ ဟု ၎င်းကဆိုသည်။ စာရင်းအ ချက်အလက်များအရ စစ်ရေး ပဋိပက္ခကြောင့် မြောက်ဦးနှင့်ဘူး သီးတောင်မြို့နယ်တွင် အရပ် သားသေဆုံးမှု၊ ဒဏ်ရာရမှု၊ ပျောက်ဆုံးမှု၊ ဖမ်းဆီးခံရမှုအများ ဆုံးဖြစ်ပွားခဲ့သည်ဟု ဒေါ်ခင်စော ဝေက ပြောသည်။
မြောက်ဦးမြို့နယ်အတွင်း စစ်ရေးပဋိပက္ခနှင့်ဆက်နွှယ်ပြီး သေဆုံးသည့်အရပ်သားနှစ်ဦး ထက်မနည်းရှိပြီး ဒဏ်ရာရသူ ၁၇ ဦး၊ ဖမ်းဆီးခံရသူ ၃၈ ဦး၊ ပျောက် ဆုံးသူနှစ်ဦးရှိသည်ဟု ကော်မရှင် အဖွဲ့ဝင်မြောက်ဦးပြည်နယ်လွှတ် တော်ကိုယ်စားလှယ်ဦးထွန်းသာ စိန်က ပြောသည်။
‘‘တချို့က တိုက်ပွဲကြားထဲ မှာ ပိတ်မိပြီးသေသွားသလား၊ ဒါ မှမဟုတ် လက်နက်ကိုင်အဖွဲ့အ စည်းတွေက ခေါ်သွားပြီးပျောက် နေသလားဆိုတာတော့ ကျွန် တော်လည်း မပြောတတ်ဘူး’’ ဟု ၎င်းကဆိုသည်။
သံသယရှိ၍ ဖမ်းဆီးခေါ် ဆောင်သည်ဆိုပါက အပြစ်မရှိ သည့်ပြည်သူများကို မြန်ဆန်စွာ လွှတ်ပေးရန် တပ်မတော်နှင့် AA တို့ကို ဦးထွန်းသာစိန်က တိုက် တွန်းသည်။
‘‘ဒါနဲ့ပတ်သက်ပြီး နှစ်ဖက် အဖွဲ့အစည်းနှစ်ခုစလုံးကို ပြော ချင်တာက အပြစ်မရှိတဲ့ပြည်သူ တွေရဲ့ အသက်အိုးအိမ်စည်းစိမ် ကို မထိခိုက်ပါစေနဲ့၊ ထိခိုက် အောင်မလုပ်ပါနဲ့’’ ဟု ၎င်းက ပြောသည်။ တပ်မတော်နှင့် AA နှစ်ဖက်စလုံးက ၎င်းတို့သံသယရှိသည့်အရပ်သားများကို ဖမ်းဆီးထားခြင်းများရှိသည်မှာ မှန်ကန်ကာ စစ်ဆေးပြီးအပြစ်မရှိပါက ပြန် လွှတ်မည်ဟု နှစ်ဖက်စလုံးက ပြောကြားထားသည်။

NLD အစိုးရသက်တမ်း သုံးနှစ်အတွင်း ပြည်ထဲရေးက မူးယစ်ဆေးဝါးမှုများနှင့် ပတ်သက်၍ ၃၃၃၉ ဦး အရေးယူခဲ့ပြီး လူကုန်ကူးတရားခံ ၁၄၅၈ ဦး ဖမ်းဆီးခဲ့



NLD အစိုးရသက်တမ်း သုံးနှစ်တာကာလအတွင်း ပြည်ထဲရေး ဝန်ကြီးဌာနအနေဖြင့် မူးယစ်ဆေးဝါးအမှုများနှင့် ပတ်သက်၍ ၃၃၃၉ ဦးအားအရေးယူခဲ့ပြီး လူကုန်ကူး တရားခံပေါင်း ၁၄၅၈ ဦးကို ဖမ်းဆီးခဲ့ကြောင်း ပြည်ထဲရေး ဝန်ကြီးဌာန ခေတ္တအမြဲတမ်း အတွင်းဝန် ဦးခိုင်ထွန်းဦးက နိုင်ငံပိုင်သတင်းစာများနှင့် တွေ့ဆုံစဉ် ပြောကြားသည်။

ထို့ပြင် မူးယစ်ဆေးဝါး အန္တရာယ် တားဆီးကာကွယ်ရေးအတွက် ၁၉၉၃ ခုနှစ် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေကို နိုင်ငံတကာ စံနှုန်းများနှင့်အညီ ပြင်ဆင်နိုင်ရေး ဆောင်ရွက်ခဲ့ရာ ၂၀၁၈ ခုနှစ် ဖေဖော်ဝါရီ ၁၄ ရက်တွင် ပြင်ဆင်သည့်ဥပဒေကို ထုတ်ပြန်နိုင်ခဲ့ကြောင်း၊ မူးယစ်ဆေးဝါး ပပျောက်ရေး စီမံကိန်းများကို ရေးဆွဲပြီး ဘိန်းအပါအဝင် မူးယစ်ဆေးဝါး တိုက်ဖျက်ရေး လုပ်ငန်းများ ဆောင်ရွက်ခြင်း၊ ဘိန်းစိုက်ခင်းများ ဖျက်ဆီးခြင်း၊ ဘိန်းအစားထိုးသီးနှံ စိုက်ပျိုးခြင်းနှင့် သစ်တောစိုက်ပျိုး ထိန်းသိမ်းခြင်းများကို ဆောင်ရွက်နိုင်ခဲ့သဖြင့် ၂၀၁၈ ခုနှစ်တွင် ဘိန်းစိုက်ပျိုးမှု ၉ ဒသမ ၁ ရာခိုင်နှုန်း လျော့ကျခဲ့သည်ဟု ゞင်းကဆက်လက် ပြောကြားသည်။

“သုံးနှစ်တာကာလအတွင်း မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးတွေ ရောင်းဝယ်ပျံ့နှံ့မှုကို တားဆီးနှိမ်နင်းဖို့အတွက် တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေမှာ စီမံချက် ၁၁ ကြိမ် ရေးဆွဲဆောင်ရွက်ခဲ့ရာမှာ အမှုပေါင်း ၂၃၈၃ မှုနဲ့ တရားခံစုစုပေါင်း ၃၃၃၉ ဦးကို ဖမ်းဆီးအရေးယူ နိုင်ခဲ့ပါတယ်။ မြန်မာနိုင်ငံသားတွေ ပြည်တွင်း၊ ပြည်ပလူကုန်ကူးခံရမှုတွေကို ထိရောက်စွာ ကာကွယ်တားဆီးခဲ့ရာ လူကုန်ကူးမှု တားဆီးကာကွယ်ရေး ဥပဒေနဲ့ အမှုဖွင့်အရေးယူမှု ၅၁၀ ရှိပြီး တရားခံပေါင်း ၁၄၅၈ ဦးကို ဖော်ထုတ်ဖမ်းဆီး အရေးယူနိုင်ခဲ့ကာ လူကုန်ကူးခံရသူပေါင်း ၈၈၉ ဦးကို ကယ်တင်နိုင်ခဲ့ပါတယ်” ဟု ဦးခိုင်ထွန်းဦးက ပြောကြားသည်။

အလားတူ မြန်မာနိုင်ငံတွင် ဖြစ်ပွားနေသည့် လူကုန်ကူးမှုများမှာ အလုပ်အကိုင်ကြောင့် အများဆုံးဖြစ်ပွားပြီး တရုတ်မယားအဖြစ် ရောင်းစားခံရခြင်းများမှာလည်း အများဆုံး ဖြစ်ပွားလေ့ရှိကြောင်း သိရသည်။

အစိုးရ၏ သုံးနှစ်တာ သက်တမ်းကာလ ပြုပြင်ပြောင်းလဲမှု လုပ်ငန်းစဉ်တွင် ပြည်ထဲရေးဝန်ကြီးဌာန အနေဖြင့် နိုင်ငံတော်လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး၊ ရပ်ရွာအေးချမ်း သာယာရေးနှင့် ပြည်သူ့အကျိုးပြုလုပ်ငန်း ဆောင်ရွက်ရေးဟူသည့် ဝန်ကြီးဌာန၏ ရည်မှန်းချက်တာဝန် လေးရပ်ကို အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း၊ ၂၀၁၈ ခုနှစ် ဒီဇင်ဘာ ၂၈ ရက်တွင် ပြည်ထဲရေး ဝန်ကြီးဌာနရှိ အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနကို ပြည်ထောင်စုအစိုးရအဖွဲ့ရုံး ဝန်ကြီးဌာနသို့ ပြောင်းရွှေ့ဖွဲ့စည်းခဲ့ကြောင်း၊ ပြည်ထဲရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးရုံး၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ အထူးစုံစမ်းစစ်ဆေးရေး ဦးစီးဌာန၊ အကျဉ်းဦးစီးဌာန၊ မီးသတ်ဦးစီးဌာန စသည့်တပ်ဖွဲ့ဦးစီးဌာနဖြင့် ဝန်ကြီးဌာန၏ ရည်မှန်းချက်တာဝန်များကို အကောင်အထည်ဖော် ဆောင်ရွက်လျက် ရှိသည်ဟု ခေတ္တအမြဲတမ်းအတွင်းဝန် ဦးခိုင်ထွန်းဦးက ပြောကြားသည်။

သီရိလင်္ကာတွင် အရေးပေါ် ဥပဒေအရ မျက်နှာများအား ဖုံးအုပ်ဝတ်ဆင်မှုကို ပိတ်ပင်




မည်သူမည်ဝါမှန်း မသိရစေရန် ဖုံးကွယ်ဖွယ်ရှိသည့် မျက်နှာအား ဖုံးအုပ်သည့် အရာမှန်သမျှအား ဝတ်ဆင်မှုကို ပိတ်ပင်ကြောင်း သီရိလင်္က࿿ာသမ္မတ မေသရီပါလာသီရိသေနာက ညွှန်ကြားခဲ့သော အရေးပေါ် အခြေအနေ ဥပဒေအရ နိုင်ငံထဲရှိ မွတ်စလင် အမျိုးသမီးများသည် ゞင်းတို့၏ မျက်နှာများအား ဖုံးအုပ်သည့် မျက်နှာလွှာဇာများကို ဝတ်ဆင်၍ ရတော့မည် မဟုတ်ပေ။

သီရိလင်္က࿿ာတွင် လူ ၂၅၀ ကျော် သေဆုံးခဲ့ရသည့် ခရစ်ယာန် ဘုရားကျောင်းများ နှင့် ဟိုတယ်များတွင် အီစတာနေ့ ဗုံးခွဲတိုက်ခိုက်မှုများ ဖြစ်ပွားခဲ့အပြီး ရှစ်ရက်အကြာ ဧပြီ ၂၉ ရက်တွင် ထိုဥပဒေ စတင် သက်ဝင်ခဲ့သည်။ ထိုတိုက်ခိုက်မှုများနှင့် ပတ်သက်၍ သံသယဖြစ်ဖွယ် လူဒါဇင်များစွာကို ဖမ်းဆီးထားသော်လည်း စစ်သွေးကြွများသည် ဖောက်ခွဲရေးပစ္စည်းများနှင့် လွတ်မြောက်နေဆဲ ဖြစ်ကြောင်း ဒေသဆိုင်ရာ တာဝန်ရှိသူများနှင့် မြို့တော် ကိုလံဘိုမှ အမေရိကန်သံရုံးက သတိပေးခဲ့သည်။

မျက်နှာလွှားဇာများ ဝတ်ဆင်မှုအား ပိတ်ပင်ရန် အစိုးရအဖွဲ့က မကြာသေးမီက အစည်းအဝေးတစ်ခုတွင် အဆိုပြုခဲ့ပြီးနောက် သမ္မတက ယခုကဲ့သို့ ပိတ်ပင်ခဲ့ခြင်း ဖြစ်သည်။

အီစတာ ဗုံးခွဲတိုက်ခိုက်မှုများအား ကြိုးကိုင်ခဲ့သူဟု သံသယရှိခံရသူ၏ ဇနီးနှင့်သမီး ဖြစ်သူဟု ဖော်ထုတ်နိုင်ခဲ့သော စစ်သွေးကြွများနှင့် ရဲများအကြား အပြင်းအထန် ပစ်ခတ်တိုက်ခိုက်မှုများ ဖြစ်ပွားခဲ့ပြီးနောက် အမျိုးသမီးတစ်ဦးနှင့် အသက် လေးနှစ်အရွယ် ကလေးတစ်ဦးတို့ ဒဏ်ရာရခဲ့ကြောင်း သီရိလင်္က࿿ာရဲတပ်ဖွဲ့က ထုတ်ပြန်ခဲ့သည်။ နိုင်ငံ အရှေ့ပိုင်း အမ်ပူရာခရိုင်တွင် ဧပြီ ၂၆ ရက် ည၌ ဖြစ်ပွားခဲ့သော ထိုတိုက်ခိုက်မှုများအတွင်း ကလေးခြောက်ဦး အပါအဝင် လူ ၁၅ ဦး သေဆုံးခဲ့ရကြောင်း သီရိလင်္က࿿ာ စစ်ဘက်က ထုတ်ပြန်ခဲ့သည်။

ထိုပစ်ခတ် တိုက်ခိုက်မှုများအတွင်း ゞင်းတို့၏ စစ်သွေးကြွ သုံးဦး သေဆုံးခဲ့ကြောင်း IS ဂျီဟတ်အဖွဲ့က ထုတ်ပြန်ခဲ့သည်။

အီစတာနေ့ ဗုံးခွဲ တိုက်ခိုက်မှုအတွက် National Towheed Jamaat (NTJ) အဖွဲ့နှင့် အခြားအဖွဲ့ တစ်ခုတို့ကို အကြမ်းဖက်အဖွဲ့များအဖြစ် အာဏာပိုင်များက ကြေညာခဲ့ပြီး နောက် တစ်ရက်ခန့်အကြာတွင် ရဲတပ်ဖွဲ့ဝင်များသည် NTJ ၏ အဓိက ဗလီထဲသို့ ဝင်ရောက်ခဲ့ကြသည်။ ထိုဗလီအား အစောင့်အကြပ်များဖြင့် ပိတ်ဆို့ဝန်းရံပြီး ရှာဖွေရေး လုပ်ဆောင်ခဲ့ကြောင်း၊ မွန်းလွဲပိုင်း ဝတ်ပြုမှု မပြုလုပ်မီ ရဲများက ဗလီအား သော့ခတ်သွားခဲ့ကြောင်း တာဝန်ရှိသူများက ပြောကြားခဲ့သည်။

အီစတာနေ့ အသေခံ တိုက်ခိုက်မှုများအတွက် ရဲချုပ် Pujith Jayasundara သည် ဧပြီ ၂၆ ရက်တွင် ရာထူးမှ နုတ်ထွက်ခဲ့ပြီးနောက် သမ္မတ သီရိသေနာက ゞင်းအား ဆက်ခံမည့်သူကို ဧပြီ ၂၉ ရက်တွင် ကြေညာခဲ့သည်။ သို့သော် Jayasundara က ရာထူး မှ နုတ်ထွက်ရန် ငြင်းဆန်ခဲ့ပြီး အစိုးရနေအိမ်၌ ရှိနေဆဲဖြစ်ကာ နုတ်ထွက်စာကို ゞင်းက တင်ခဲ့ခြင်း မရှိကြောင်း တာဝန်ရှိသူများက ပြောကြားခဲ့သည်။ သမ္မတသည် ဒုတိယရဲမှူး ချန်ဒါနာဝက်ကရာမာရတ်နီအား ယာယီရဲချုပ်အဖြစ် အမည်စာရင်းသွင်းခဲ့သည်။

အသေခံဗုံးခွဲသူများသည် ခရစ်ယာန်ဘုရားကျောင်းများအား ပစ်မှတ်ထားဖွယ်ရှိကြောင်း သတိပေးခဲ့သည့် ထောက်လှမ်းရေး သတင်းများကို တုံ့ပြန်ဆောင်ရွက်ရန် Jayasundara သည် ပျက်ကွက်ခဲ့သည်ဟု သီရိသေနာက စွပ်စွဲထားသည်။

အခြေခံဥပဒေပြင်ဆင်ရေးပူးပေါင်းကော်မတီရဲ့ဆွေးနွေးချက်တွေ ပြင်ပကိုထုတ်ဖော်ပြောဆိုခြင်းမလုပ်ဖို့ နောက်ဆုံးအကြိမ်သတိပေးခံရ


နေပြည်တော်၊ဧပြီလ(၂၅)ရက်။အဖွဲ့ဝင် ၄၅ ဦးပါဝင်တဲ့ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးပူးပေါင်းကော်မတီရဲ့ ဆွးနွေးချက်တွေဟာ လွှတ်တော်သို့ မတင်မီ အချိန် ထိ လျှို့ဝှက်အဆင့်အနေဖြင့်ထားရှိရမှာဖြစ်တဲ့အတွက် ဆွေးနွေးချက်တွေကို

ထုတ်ဖော်ပြောဆိုခြင်းမပြုဖို့ ကော်မတီဝင် အချို့ ကို သတိပေးထားကြောင်းကော်မတီအတွင်းရေးမှူးဒေါက်တာမြတ် ဉာဏစိုးကပြောပါတယ်။


သည်ကနေ့ ပြုလုပ်တဲ့ ဖွဲ့ စည်း ပုံအခြေခံဥပဒေ(၂၀ဝ၈ခုနှစ်) ပြင်ဆင်ရေးပူးပေါင်းကော်တီ အစည်းအဝေးအပြီး မီဒီယာတွေနဲ့တွေ့ဆုံချိန်မှာ အခုလို ပြောသွားတာဖြစ်ပါတယ်။


ဒေါက်တာ မြတ်ဉာဏစိုးက"ကိုယ့်ပါတီက ဘာတွေကိုတင်တယ်။ဘာတွေကိုပြင်ဆင်တယ်ဆိုတာ လွှတ်တော်ကို အစီရင်ခံစာမတင်သွင်းခင်အချိန်ထိ ဒါတွေဟာ လျှို့ဝှက်အနေနဲ့ထားရှိရမှာဖြစ်တယ်။ ဖြန့်ဝေခြင်းလည်းမပြုရ ဘူး။ ပြောကြားခြင်း လည်းမပြုရဘူးဆိုတာကို အချို့သောကော်မတီဝင်များ အယုအဆလွဲမှားပြီးလိုက်နာ ဆောင် ရွက်ခြင်းမရှိတာကိုတွေ့ရပါတယ်။ အဲ့ဒီအခါမှာတော့ ပူးပေါင်းကော်မတီဥက္ကဌကလည်း ပထမအကြိမ် သတိပေးတယ်။ဒုတိယအကြိမ်သတိပေးတယ်။ မနေ့ကတော့နောက်ဆုံးအကြိမ်သတိပေးတယ်။"လို့ပြောပါတယ်။


ဒါ့အပြင် ကော်မတီဝင်တွေဟာ အခုလို လွှတ်တော်ဆိုင်ရာဥပဒေ၊နည်းဥပဒေများနဲ့ ဖောက်ဖျက်ပြီးတော့ ဆောင်ရွက်မယ်ဆိုရင် လွှတ် တော် ဆိုင်ရာဥပဒေ၊နည်းဥပဒေများနဲ့အညီ လွှတ်တော်အခွင့် အရေးကော်မတီ ကိုလွှဲ အပ်ကာ အရေးယူဆောင်ရွက်မယ်ဆိုတာကိုလည်း ကော်မတီ ရဲ့ ဥက္ကဌ ဦးထွန်းထွန်းဟိန်က ပြင်းထန်စွာ နောက်ဆုံးအကြိမ် သတိပေးထားတယ်လို့ သိရပါတယ်။


တပ်မတော်သားကိုယ်စားလှယ် ဒုတိယဗိုလ်မှူးကြီးမျိုးထက်ဝင်းကလည်း ဖွဲ့စည်းပုံအခြေခံဥပဒေဟာ တစ်နိုင်ငံလုံးနဲ့လည်း ဆိုင်သကဲ့သို့ အတန်းစား အလွှာအားလုံးနဲ့လည်း သက်ဆိုင်တဲ့အတွက် အင်မတန်မှ ကျယ်ပြန့်တဲ့ အငြင်းပွား စရာရှိနိုင်ပြီး တစ်ဖွဲ့နှင့် တစ်ဖွဲ့ သဘောထား တွေမတုသည့်ကိစ္စများ များစွာရှိနိုင်တယ်လို့လည်း ဆိုပါတယ်။


တပ်မတော်သားကိုယ်စားလှယ် ဒုတိယဗိုလ်မှူးကြီးမျိုးထက်ဝင်းက"ဒီမှာဆွေးနွေးတဲ့ကိစ္စ တွေကို အပြင် မှာ ပြောတဲ့အခါကျတော့ ဆုံးဖြတ်ထားတာလည်းမဟုတ်ဘူး။ အတည်ပြုထားတာ လည်းမဟုတ်ဘူး။ လွှတ်တော်ထဲမှာလည်း ဆွေးနွေးထားတာမဟုတ်ဘဲ သွားပြောလိုက်ရင် အများပြည်သူအနေနဲ့ ထင်ယောင် ထင်မှား တွေဖြစ်နိုင်ပါတယ်။ ဒါကြောင့်လက်ရှိမှာလည်း အဲ့လိုမပြောဖို့၊ တရားဝင် လျှို့ဝှက်အဆင့်ကို ထုတ် ဖော်မပြောဖို့ဆိုပြီးမနေ့ကတော့ အစည်းအဝေးမှာလည်း တို့ကတင်ပြရတာပေါ့။"လို့ ပြောပါတယ်။


လက်ရှိမှာတော့ ကော်မတီရဲ့ အစည်းအဝေးဟာ ၁၂ ကြိမ်အထိ ရောက်ရှိပြီဖြစ်ပြီး အခန်း(၅)အထိ ဆွေးနွေးမှုတွေ ပြီးဆုံးပြီ ဖြစ်ပါတယ်။အခုလို ဆွေးနွေးပြီး ပြင်ဆင်လိုတဲ့အချက်တွေ တင်သွင်းကြရာမှာ ဥပမာ လူ ၁၀ ယောက်၊၁၅ယောက်ရှိတဲ့ပါတီရဲ့ပြင်ဆင်ချက်တွေကျတော့ လူခွဲပြီး ပုဒ်မ တစ်ခုချင်းကို ပြင်ဆင် တဲ့အခါမှာ စိစစ်ရတာရော၊ Comfirm လုပ်ရတာရော အဆင်ပြေမယ့်လည်း တစ်ချို့ တစ်ယောက် တည်း ပါလာတဲ့ပါတီတွေကျတော့ အင်မတန်မှ သူ့အတွက်ဝန်ပိစေတယ်လို့ လည်း ဒုတိယဗိုလ်မှူးကြီး မျိုးထက်ဝင်းက ထောက်ပြပြောဆိုသွားပါတယ်။


၁၃ ကြိမ်မြောက် ကော်မတီရဲ့ အစည်းအဝေးကိုတော့ မေလ ၉ ရက်နေ့မှာ ပြန်လည်စတင်မှာဖြစ်ပြီးကော်မတီရဲ့ အစီရင်ခံစာကိုတော့ ၂၀၁၉ ခုနှစ် ဇူလိုင်လ ၁၇ ရက်နေ့ မတိုင်မီ ပြည်ထောင်စုလွှတ်တော်သို့ တင်ပြရမှာဖြစ်ပါတယ်။

၂၀၁၈ ခုနှစ်အတွင်း အဂတိလိုက်စားမှုတိုင်ကြားစာထဲမှာ ရန်ကုန်တိုင်းကအများဆုံးဖြစ်နေ




နေပြည်တော်၊ဧပြီလ(၂၉)ရက်။အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်အနေနဲ့ ပြီးခဲ့တဲ့ ၂၀၁၈ ခုနှစ်က တိုင်းကြားစာစောင် စုစုပေါင်း ၁၀,ဝ၀ဝ ကျော်လက်ခံရရှိခဲ့ပြီး ရန်ကုန်တိုင်းဒေသကြီးက တိုင်ကြားမှုအများဆုံးဖြစ်တယ်လို့ အဂိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ရဲ့ နှစ်ပတ်လည်လုပ်ငန်းဆောင်ရွက်မှု အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။


သည်ကနေ့ ကျင်းပတဲ့ ပြည်ထောင်စုလွှတ်တော်မှာ ကော်မရှင်ဥက္ကဌ ဦးအောင်ကြည်က အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ရဲ့ နှစ်ပတ်လည်လုပ်ငန်းဆောင်ရွက်မှု အစီရင်ခံစာကို ရှင်းလင်းတင်ပြသွားတာဖြစ်ပါတယ်။


၂၀၁၈ ခုနှစ်မှာ တိုင်ကြားစာပေါင်း ၁၀,၅၄၃ စောင် လက်ခံရရှိပြီး ရန်ကုန်တိုင်းဒေသကြီးက ၂,၄၅၂ စောင် ပါဝင်ကာ တိုင်းဒေသကြီးပြည်နယ်တွေထဲမှာ တိုင်ကြားမှုအများဆုံးဖြစ်ပါတယ်။မန္တလေးတိုင်းဒေသကြီးကတော့ တိုင်းကြားစာပေါင်း ၁,၈၇၇ စောင် နဲ့ ဒုတိယအများဆုံး ဖြစ်ခဲ့ပြီး ဧရာဝတီတိုင်းဒေသကြီးက ၁,၂၃၁ စောင်နဲ့ တတိယ အများဆုံးဖြစ်ခဲ့ပါတယ်။

တိုင်ကြားတဲ့အကြောင်းအရာတွေကတော့ အဂတိလိုက်စားကြောင်းဖော်ပြတိုင်တန်းမှု၊စီမံခန့် ခွဲရေး/အုပ်ချုပ်ရေးဆိုင်ရာ လွဲမှားဆောင်ရွက်မှု၊လယ်ယာမြေစီမံခန့် ခွဲမှု၊တရားစီရင်မှု၊ဌာနတွင်း ပုဂ္ဂိုလ်ရေး မမှန်မကန်ဆောင်ရွက်မှု၊တိုင်ကြားစာ ပြန်လည်ရုပ်သိမ်းမှု နဲ့ အထွေထွေ အကြောင်းအရာတို့ ပါဝင်ပါတယ်။


ပြီးခဲ့တဲ့နှစ်ရဲ့ တိုင်ကြားစာ ၁၀,ဝ၀ဝ ကျော်ထဲမှာ ကော်မရှင်အနေနဲ့ လက်ရှိ ဆောင်ရွက်ထားမှုကတော့ စုံစမ်းစစ်ဆေးတဲ့ တိုင်ကြားစာ ၄၆ စောင်၊ဝန်ကြီးဌာနနဲ့ ပြည်နယ်/တိုင်း အစိုးရအဖွဲ့ သို့ လွှဲပြောင်းပေးပို့ တဲ့တိုင်ကြားစာ ၁,၇၉၅ စောင်၊ပြည်သူများထံ အကြံပြုချက်နဲ့ အသိပေးပြန်ကြားတဲ့စာ ၅,၂၆၈ စောင်၊အရေးယူဆောင်ရွက်လို့ မရတဲ့ တိုင်ကြာစာ ၂,၈၂၄ စောင် နဲ့ စိစစ်ဆောင်ရွက်ဆဲ တိုင်ကြားစာပေါင်း ၆၁၀ ရှိတယ်လို့ သိရပါတယ်။


အခုလို ကော်မရှင်ရဲ့ ဆောင်ရွက်ထားမှုကြောင့် ၂၀၁၈ ခုနှစ်အတွင်း သက်ဆိုင်ရာဌာနများမှာ ဆုံးရှုံးနိုင်ဖွယ်ရှိတဲ့ ကျပ်သန်း ၃၀ ကျော်(၃၀.၈၉ သန်း)နဲ့ အမေရိကန်ဒေါ်လာ ၄ သန်းကျော်(၄.ဝ၀၃ သန်း)တို့ ကို ပြည်သူ့ ဘဏ္ဍဍာငွေအဖြစ် ပြန်လည်ပေးသွင်းစေခဲ့တယ်လို့ သိရပါတယ်။


ဒါပေမယ့် ကော်မရှင်အနေနဲ့ တတိယအဖွဲ့ အစည်းတစ်ခုကို လုပ်ငန်းအပ်နှံပြီး ၂၀၁၈ ခုနှစ် အောက်တိုဘာလ မှ ဒီဇင်ဘာလအထိ ချင်းပြည်နယ်မှအပ နိုင်ငံတစ်ဝန်းလုံးကို အဂတိလိုက်စားမှုစစ်တမ်းကောက်ယူခဲ့ရာမှာတော့ အဂတိလိုက်စာမှုက သိသိသာသာကျဆင်းမှုမရှိသေးတာကို တွေ့ ရှိခဲ့ရတယ်လို့ အစီရင်ခံစာမှာဖော်ပြထားပါတယ်။


အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်မှ ဥက္ကဌ ဦးအောင်ကြည်က`ကော်မရှင်သည် အဂတိလိုက်စားမှုတိုက်ဖျက်ရေးမဟာဗျူဟာ အောင်မြင်ရေးအတွက် ၂၀၁၉ ခုနှစ်မှာ အဂတိလိုက်စားမှုတားဆီးကာကွယ်ရေးနှင့်တိုက်ဖျက်ရေးလုပ်ငန်းများကို ပိုမိုအရှိန်အဟုန်မြှင့်တင် ဆောင်ရွက်သွားဖို့ လိုအပ်လျှက်ရှိပါတယ်`လို့ ပြောပါတယ်။


ဒါ့အပြင် အဂတိလိုက်စားမှုဖြစ်စေတဲ့ အဓိကအကြောင်းတရားများတွင် အများပြည်သူအကျိုးထက် မိမိ ကိုယ်ကျိုးအတွက် သာဦးစားပေးနေသူကများနေခြင်း၊ အစဉ်အလာအတိုင်းသာ ဆက်လက်လုပ် ဆောင် လိုကြပြီး မပြောင်းလဲနိုင်ကြခြင်း၊ ထိရောက်စွာအရေးယူမှုအားနည်းခြင်း နဲ့ တချို့နေရာများမှာ တရား ဥပ ဒေစိုးမိုးမှု အားနည်းခြင်းတို့ကြောင့် ဖြစ်ရတယ်လို့  ပြည်သုများ ကရှုမြင်သည်ကိုတွေ့ရှိရကြောင်း လည်း ဥက္ကဌက အစီရင်ခံစာဖတ်ကြားရာမှာ ထည့်သွင်းပြောဆိုသွားပါတယ်။


သည့်အတွက်လည်း သည်နှစ် ၂၀၁၉ လုပ်ငန်းစဉ်မှာ ဥပဒေမူဘောင် ပိုမိုခိုင်မာရေးအတွက် ထုတ်ဖော်သတင်းပေးသူကို အကာအကွယ်ပေးရေး ဥပဒေကြမ်းရေးဆွဲရေးနဲ့ ဥပဒေနဲ့ အညီထိရောက်စွာအရေးယူနိုင်ဖို့ နည်းဥပဒေအသစ်ရေးဆွဲရေးတို့ ကိုလည်း ဆောင်ရွက်နေပြီးလို့ သိရပါတယ်။


နိုင်ငံတကာပွင့်လင်းမြင်သာမှုအဖွဲ့ (TI)ရဲ့ သတ်မှတ်ချက်အရ ၂၀၁၈ ခုနှစ်မှာ မြန်မာနိုင်ငံရဲ့ အဂတိလိုက်စာမှု့ အညွှန်ကိန်းဟာ နိုင်ငံပေါင်း ၁၈၀ မှာ မြန်မာနိုင်ငံက အဆင့် ၁၃၂ နေရာမှာ ရှိခဲ့ပြီး အရင်နှစ်ထက်တော့ အဆင့် ၂ ဆင့်ကျဆင်းသွားတယ်လို့ သိရပါတယ်။ တိုင်းကြားစာလက်ခံရှိမှုကလည်း ၂၀၁၈ ခုနှစ်မှာ အရင်နှစ်ထက် ၅ ဆခန့် ပိုမိုရရှိခဲ့ပါတယ်။

Facebook ပို့စ်ကြောင့် စင်ကာပူ လူ့အခွင့်အရေး တက်ကြွလှုပ်ရှားသူ ဒဏ်ငွေ ချမှတ်ခံခဲ့ရ


စင်ကာပူနိုင်ငံသား တက်ကြွလှုပ်ရှားသူ တစ်ဦးသည် နိုင်ငံ၏ တရားစီရင်ရေး လွတ်လပ်မှုအား မေးခွန်းထုတ်ထားသော ပို့စ်တစ်ခုကို Facebook ပေါ်တွင် တင်ခဲ့ခြင်းကြောင့် ဧပြီ ၂၉ ရက်တွင် ဒဏ်ငွေ ချမှတ်ခံခဲ့ရသည်။ စင်ကာပူသည် ချမ်းသာကြွယ်ဝပြီး ခေတ်မီသည့် နိုင်ငံတစ်နိုင်ငံ ဖြစ်သော်လည်း တင်းကျပ်သည့် ဥပဒေများနှင့်အတူ လွတ်လပ်စွာ ထုတ်ဖော် ပြောဆိုခွင့်ကို ကန့်သတ်ထားခြင်းကြောင့် လူ့အခွင့်အရေးအဖွဲ့များ၏ ဝေဖန်မှုနှင့် မကြာခဏ ရင်ဆိုင်နေရသည်။

ဂျိုလိုဗန်ဝှမ် အမည်ရှိ လူ့အခွင့်အရေး လှုပ်ရှားသူ အမျိုးသားသည် Facebook ပေါ်တွင် စင်ကာပူ တရားရုံးအား မထီမဲ့မြင် ပြုထားသောပို့စ်ကို အောက်တိုဘာလက တင်ထားခဲ့ခြင်းနှင့် ပတ်သက်၍ တရားရုံးက ゞင်းတွင် အပြစ်ရှိကြောင်း ဆုံးဖြတ်ခဲ့ခြင်း ဖြစ်သည်။ အဆိုပါ ပို့စ်တွင် ဝှမ်က စင်ကာပူ၏ တရားစီရင်ရေးသည် အစိုးရအဖွဲ့ သို့မဟုတ် နိုင်ငံရေးသမားများ ပါဝင် ပတ်သက်နေသည့် အမှုအခင်းများကို ဖြေရှင်း ဆောင်ရွက်မှုအတွင်း ရိုးသားဖြောင့်မှန်မှုနှင့် ပွင့်လင်းမြင်သာမှု မရှိဟူ၍ ရေးသားခဲ့ခြင်း ဖြစ်သည်။

ဧပြီ ၂၉ တွင် ဝှမ်အား ဒဏ်ငွေ စင်ကာပူ ဒေါ်လာ ၅၀ဝ၀ (ဒေါ်လာ ၃၆၇၄) ပေးဆောင်ရန် ချမှတ်ခဲ့ပြီး အကယ်၍ ဒဏ်ငွေ ပေးဆောင်ခြင်း မရှိပါက ゞင်းအား ထောင်ဒဏ် သီတင်းတစ်ပတ် ချမှတ်မည် ဖြစ်ကြောင်း အထက်တရားရုံး တရားသူကြီးက ဝူဘီလီက အမိန့်ချခဲ့သည်။ ရွှေ့ပြောင်းအခြေချ အလုပ်သမားများ၏ အခွင့်အရေးအတွက် တက်ကြွလှုပ်ရှားသူ ဝှမ်ကမူ ဒဏ်ငွေ ချမှတ်မှုအတွက် အယူခံဝင်သွားမည်ဟု ဆိုခဲ့သည်။

အိုင်စစ် အထူးခေါင်းဆောင် အဘူဘေကာအယ်လ်ဘက္ကာဒီ ပြန်ပေါ်လာပြီ။ အကြမ်းဖက် တိုက်ခိုက်ရေးသမားများ ဖမ်းဆီး/အသတ်ခံရသည့်အတွက် လက်စားချေမည်ဟုဆို။




“ အီရတ်နှင့် မြေထဲပင်လယ်အရှေ့ပိုင်း အစ္စလာမ်မစ်နိုင်ငံတော် “Islamic State of Iraq and the Levant (ISIL) ၏ အထူးခေါင်းဆောင်ကြီး အဘူဘေကာအယ်လ်ဘက္ကဒီသည် ၅-နှစ်ကြာ ပျောက်ကွယ်နေရာမှ ယနေ့ အိုင်စစ်တို့အာဘော်အဖွဲ့က လွှင့်ထုတ်သော ဗွီဒီယိုတွင် တဖန် တဖန်ပြန်လည် မြင်တွေ့ရသည်ဟု Al Jazeera နှင့် နိုင်ငံတကာမီဒီယာကြီးများက ယနေ့ဖော်ပြသည်။

အိုင်စစ်တို့၏ အယ်လ်ဖာကန်မီဒီယာကွန်ယက်က အဘူဘေကာအယ်ဘက္ကာဒီအား ၄င်းတို့၏ အထူးခေါင်းဆောင်ကြီးအဖြစ်ရည်ညွှန်း၍ အဘူဘေကာ၏ မိန့်ခွန်းဗွီဒီယိုကို ထုတ်လွှင့်ခြင်းဖြစ်ကြောင်း သိရှိရသည်။

မှတ်တမ်းဗွီဒီယိုတွင် ၄င်း၏ ရဲဘော်ရဲဖက် တိုက်ခိုက်ရေးသမားများ အသတ်ခံရခြင်းနှင့် ဖမ်းဆီးအကျဉ်းချထားခြင်းအတွက် လက်စားချေမည်ဖြစ်ကြောင်း အယ်လ်ဘက္ကာဒီက ပြောကြားသည်ဆို၏။

သို့သော် ၄င်းအနေဖြင့် ယခုလက်ရှိဖြစ်ပွားဆဲ သီရိလင်္ကာတွင် ဖမ်းဆီးခြင်းခံရသူများ ( သို့မဟုတ် ) လပေါင်းများစွာ ၀န်းရံပိတ်ဆို့ပြီး လွန်ခဲ့သည့်လကုန်တွင် ဆုံးခန်းတိုင် ချေမှုန်းခြင်းခံရသည့် ဆီးရီးယားအရှေ့မြောက်ပိုင်း ဘက်ဟို့ဇ်နောက်ဆုံးခြေကုတ်စခန်းမှ အိုင်စစ်တိုက်ခိုက်ရေးသမားများကို ရည်ညွှန်းခြင်း ဟုတ်မဟုတ် ရှင်းလင်းစွာ မသိရချေ။

ချေမှုန်းရေး ရိုင်ဖယ် သေနတ်တစ်လက်ဘေးတွင် အနက်ရောင်ဝတ်စုံ၊ မီးခိုးရောင် မုတ်ဆိတ်နှင့် အယ်လ်ဘက္ကာဒီသည် ကူရှင်တစ်ခုပေါ်တွင် ခြေချိတ် ထိုင်နေပြီး အနီးရှိ လူ ၃-ဦး၏ မျက်နှာကိုေ၀၀ါးသွားအောင် ပုံဖျက်ထားသည်။ အယ်လဘက္ကာဒီ၏ မိန့်ခွန်း ဗွီဒီယိုမှာ ၁၈-မိနစ်ကြာမြင့်သည်။

သီရိလင်္ကာရှိ ညီအကိုတော်တို့သည် အသေခံဗုံးခွဲခြင်းဖြင့် ကျွန်ုပ်တို့၏ စိတ်နှလုံးကို ကုစားပေးခဲ့သည်။ ဆီးရီးယားအရှေ့မြောက်တွင် အသတ်ခံရသူတို့တွက် သီရိလင်္ကာတွင် လက်စားချေပြခဲ့ရာ ဆိုးရွားသော ခရူးဆိတ်ဒါးများ တုန်လှုပ်ခြောက်ခြားသွားကြသည်ဟု အယ်လ်ဘကာဒီက ဆက်လက်ပြောဆိုသည်။

(( ၂၀၁၄-ခုနှစ်တွင် စတင်ဖွဲ့စည်းသော ISIL သည် အီရတ်နှင့်ဆီးရီးယားနယ်မြေအမြောက်အများကို တိုတောင်းသောအချိန်အတွင်း လျှင်မြန်စွာ တိုက်ခိုက်သိမ်းပိုက်ပြီးသောအခါ ( မြေထဲပင်လယ်အရှေ့ပိုင်းကိုဆိုလိုသော L ကို ဖြုတ်၍ ဆီးရီးယား S ကို ထည့်ခြင်းဖြင့် “Islamic State of Iraq and Syria (ISIS) အိုင်စစ်ဖြစ်လာသည်။ ယခုနောက်ပိုင်းတွင် “ အစ္စလာမ်မစ်နိုင်ငံတော် ( ထူထောင်သူများ )” Islamic State အိုင်အက်စ် ဟုလည်း သုံးနှုန်းကြသည်။အရှေ့အလယ်ပိုင်းတွင် ၄င်းတို့ကို အာရဗီဘာသာဖြင့် Daesh “ ဒေရှ့် “ ဟု ခေါ်ကြသည်။

အဘူဘေကာအလ်ဘက္ကာဒီ ဆိုသည့် အမည်တွင် “ အယ်လ်ဘက္ကာဒီ “ မှာ ဘက္ကဒက်မြို့သားဟု ဆိုလိုပြီး “ အဘူဘေကာ “ မှာ အစ္စလာမ်တွင် တမန်တော်မိုဟာမက်နောက် ပထမဆုံးဆက်ခံသည့် သာဝကကြီး “ ခလီဖာ “ “ အဘူဘေကာ“ မှ ယူထားခြင်းဖြစ်သည်။

အီရတ်လူမျိုး အယ်လ်ဘက္ကာဒီသည် ဆွန်နီအစ္စလာမ်တစ်ဦးဖြစ်ပြီး ဆဒမ်အစ္စလာမ်တက္ကသိုလ်မှ ဘာသာရေးဆိုင်ရာ ဘွဲ့လွန်ပါရဂူ ( ဒေါက်တာဘွဲ့ ) ရရှိသည်။ သူသည် အယ်လ်ကိုင်ဒါ၏ အီရတ်ဆိုင်ရာအဖွဲ့ “ ဂျဘတ်အယ်လ်နူးဆာ “ မှ ဖြစ်ပြီး ၊ ၂၀၁၄ ခုနှစ်တွင် “ အီရတ်နှင့် မြေထဲပင်လယ်အရှေ့ပိုင်း အစ္စလာမ်မစ်နိုင်ငံတော် ( ISIL )၀ ကို ထူထောင်၍ သူ့ကိုယ်သူ “ ခလီဖာ“ တစ်ပါးအဖြစ် ကြေညာကာ “ ခလီဖာအီဘရာဟင် “ အမည်ကို ခံယူသည်။


ဤတွင် လက်ရှိ အယ်လ်ကိုင်ဒါတို့က သူ့အား ထုတ်ပယ်သည့်အပြင် အသိအမှတ်လည်း မပြုချေ။ အစ္စလာမ်ကမ္ဘာတွင်လည်း အယ်လ်ဘက္ကာဒီ၏ လုပ်ကိုင်ပုံမှာ ဘာသာရေး ထုံးတမ်းလာနှင့် သွေဖီကြောင်း အငြင်းအခုန်ဖြစ်ရသည်။

အိုင်စစ် ( ISIS ) တို့သည် အယ်လ်ကိုင်ဒါလူဟောင်းများဖြစ်ကြသော်လည်း အယ်လ်ကိုင်ဒါနှင့် အိုင်စစ်တို့မှာ အတူတူ မဟုတ်သည့်အပြင် သင့်မြတ်ခြင်းလည်းမရှိ၊ ရည်မှန်းချက်ချင်းလည်း မတူချေ။ အိုင်အက်စ်တို့က ယခု ၂၁-ရာစုတွင် " ခရူးဆိတ်ဒါး"( အစ္စလာမ်မဟုတ်သူ) များကို သုတ်သင်ကာ ကမ္ဘာကြီးတစ်ခုလုံးအား ခလီဖိတ်အစ္စလာမ်မစ်နိုင်ငံတော်များဖြင့် ထူထောင်ရန်ဖြစ်သည်။

ထို့ကြောင့် ဆီးရီးယားပြည်တွင်းစစ်တွင် ( ၁ ) ဆီးရီးယားအစိုးရ ( ၂ ) သမ္မတအာဆတ်ဖယ်ရှားရေး သူပုန် ( ၃ ) ကာ့ဒ်လက်နက်ကိုင်များ ( ၄ ) အယ်လ်ကိုင်ဒါနှင့် အိုင်စစ် ဟူ၍ အုပ်စုကြီး ၄-စုတို့ အပြန်ပြန် အလှန်လှန် ယှဉ်ပြိုင်စစ်ခင်းနေကြခြင်းဖြစ်တော့သည်။ ။
credit- Htay Oung

လာမည့် ၂၀၂၀ ရွေးကောက်ပွဲတွင် မဲစာရင်းမှန်ကန်ရေးသည် အဓိကစိန်ခေါ်မှု ဖြစ်





နေပြည်တော်၊ ဧပြီ ၂၉ ။ ။ လာမည့်နှစ် ၂၀၂၀ နိုဝင်ဘာလတွင် ကျင်းပမည့် နိုင်ငံလုံးဆိုင်ရာ ရွေးကောက်ပွဲတွင် မဲစာရင်းမှန်ကန်ရေးသည် အဓိကကျသည့် စိန်ခေါ်မှုတစ်ရပ် ဖြစ်ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင် ဦးစိုးရယ်က ပြောသည်။

လက်ရှိ ၂၀၁၉ခုနှစ် တစ်နှစ်လုံးကို မဲစာရင်းပြုစုသည့်နှစ်အဖြစ် လုပ်ဆောင်နေပြီး မဲစာရင်းပြုစုရေးအတွက် လုပ်ငန်းများကို ပြည်နယ်နှင့်တိုင်းအဆင့်မှ တာဝန်ရှိသူများကို နေပြည်တော်သို့ ခေါ်ယူ၍ သင်တန်းများ ပေးနေကာ ပြည်နယ်နှင့်တိုင်းများတွင် ဆင့်ပွားသင်တန်းများကို ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်သည်ဟု သိရသည်။

“အခု လက်ရှိ မှာ ဘယ်အဆင့်ထိ ရောက်သွားပြီလဲဆိုတော့ ကျွန်တော်တို့က ကွန်ပြူတာ ဆော့ဝဲလ်တွေ မဲစာရင်း သွင်းဖို့အတွက် ကျွန်တော်တို့ ဗဟိုသင်တန်းပြီးတော့ ဆင့်ပွားဆိုတာ တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ ပေးသွားမယ်။ အဲဒါပြီးရင် ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲအဆင့်ဆင့်မှာ အများက ယုံကြည်လေးစားသော ပုဂ္ဂိုလ်တွေ ခန့်ထားမယ်။ အဲဒါ အသစ်ဖြစ်တဲ့အတွက် ရွေးကောက်ပွဲဆိုင်ရာနဲ့ပတ်သက်ပြီးတော့ သင်တန်းတွေ ဆွေးနွေးပွဲတွေက ကျွန်တော်တို့ လာမဲ့ မေ၊ ဇွန်၊ ဇူလိုင် ၊ သြဂုတ်လမှာ ကျွန်တော်တို့က နယ်တွေမှာ သွားပြီးတော့ သင်တန်းပေးဦးမှာ ဖြစ်ပါတယ်။ အဲဒါ အများက ယုံကြည်လေးစားသော ပုဂ္ဂိုလ်တွေကို တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ သင်တန်းပေးဦးမှာဖြစ်ပါတယ်”ဟု ゞင်းက ပြောသည်။

ယနေ့ ဧပြီ ၂၉ ရက်နေ့က အမျိုးသားလွှတ်တော် အစည်းအဝေးတွင် လာရောက်ဖြေဆိုပြီးနောက် မီဒီယာများ၏ မေးမြန်းမှုကို ဦးစိုးရယ်က ပြန်လည်ဖြေကြားခဲ့ခြင်းဖြစ်သည်။

မဲစာရင်းပြုစုရာတွင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနအောက်ရှိ ရပ်ကျေးအုပ်စု စာရေးများတွင် ရပ်ကွက်၊ ကျေးရွာ၊ ကော်မရှင်အဖွဲ့ခွဲ၏ အတွင်းရေးမှူး ခန့်ထားပေးကာ ပုံစံသစ်ဖြင့် စတင်ကောက်ယူသွားမည် ဖြစ်သည်။ ထို့ပြင် မဲပေးရာတွင် နိုင်ငံသားဖြစ်မှု မှတ်ပုံတင် ကိစ္စများကို လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာနအကူအညီဖြင့် လုပ်ဆောင်သွားမည်ဖြစ်သည်။

အသက် ၁၈နှစ်ပြည့်ပြီးသူတိုင်း ထည့်ရမည့်မဲစာရင်းကို ရွေးကောက်ပွဲ မကျင်းပမီ ၃ လအလိုတွင် တစ်ကြိမ်၊ အောက်တိုဘာလ ၁ ရက်နေ့မှ ၁၄ ရက်နေ့ထိ တစ်ကြိမ် စုစုပေါင်း နှစ်ကြိမ် ကပ်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

“ဆိုတော့ အချုပ်ပြန်ပြောမယ်ဆိုရင် မဲစာရင်းကို နှစ်ကြိမ် ကပ်ထားကြေညာပေးမယ်။ ပြီးတော့ယခင်တုန်းက မဲစာရင်းကို ရပ်ကွက်၊ ကျေးရွာ၊ကော်မရှင်အဖွဲ့ခွဲရုံး တစ်နေရာတည်း ကပ်ထားတယ်။ အခု မဲဆန္ဒရှင်ပြည်သူများ အလွယ်တကူ ကြည့်ရှုနိုင်အောင်ဆိုပြီးတော့ ကျေးရွာတိုင်းမှာ သူနဲ့သက်ဆိုင်တဲ့ မဲစာရင်းအပိုင်းတွေကို ကျွန်တော်တို့ ကပ်ထားပေးမှာဖြစ်ပါတယ်”ဟု ဦးစိုးရယ်က ပြောသည်။

လာမည့် ၂၀၂၀ တွင် လက်ရှိအစိုးရသက်တမ်း ငါးနှစ် ပြည့်မြောက်ပြီ ဖြစ်သည့်အတွက် ဥပဒေ၊ နည်းဥပဒေများ အရ အစိုးရသစ်တစ်ရပ် ပြန်လည်တင်မြှောက်နိုင်ရေးအတွက် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် အထွေထွေရွေးကောက်ပွဲကို ကျင်းပတော့မည်ဖြစ်သည်။

၂၀၁၅ ခုနှစ် အထွေထွေရွေးကောက်ပွဲကို ၂၀၁၅ ခုနှစ် နိုဝင်ဘာ ၈ ရက်တွင် ကျင်းပခဲ့ပြီး မှတ်ပုံတင်ထားသော နိုင်ငံရေးပါတီ ၉၁ ခုက ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြကာ မဲစာရင်း ပထမအကြိမ်နှင့် ဒုတိယအကြိမ် ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။

ဗီတာမင် ဒီ လွန်ကဲလို့ ကျောက်ကပ်ပျက်စီးရတဲ့ သာဓက



နေရောင်ခြည်ကနေပဲအများဆုံးရရှိနိုင်တယ်ဆိုတဲ့ ဗီတာမင်ဒီရဲ့ ကောင်းကျိုးတွေအကြောင်း၊ ဗီတာမင်ဒီ ချို့တဲ့ရင်ဖြစ်လာနိုင်တဲ့ ပြဿနာတွေအကြောင်း လူသိများလာတဲ့အခါ ဗီတာမင်ဒီကို ဖြည့်စွက်အားဆေးအဖြစ်သောက်သုံးတာခေတ်စားလာပါတယ်။ ဆရာဝန်ညွှန်ကြားချက်နဲ့ ပမာဏမှန်ကန်အောင်သောက်သုံးတာဘာမှမဖြစ်ပေမယ့် ကိုယ့်သဘောနဲ့ကိုယ် အားဆေးတွေသောက်ကြတဲ့အခါ ကွိုင်တက်ပါတော့တယ်။ ဘာလို့ဆို ဗီတာမင်ဒီဟာ တန်ဆေးလွန်ဘေးဆိုတဲ့စကားကို အတိအကျသက်သေပြတဲ့ဓာတ်ဖြစ်နေလို့ပါပဲ။

တစ်နေ့တာ ရရှိသင့်တဲ့ ပမာဏထက်ကျော်လွန်သွားရင် ဒါမှမဟုတ် ကျော်လွန်တာကြာနေရင် ခန္ဓာကိုယ်မှာ ဆိုးကျိုးအန္တရာယ်ပိုများနိုင်တယ်ဆိုတာ မမေ့သင့်ပါဘူး။ ဥပမာ ဗီတာမင် ဒီအားဆေးကိုတစ်နေ့တစ်လုံး သောက်နေတယ်ထား၊ အရိုးအားဆေး၊ မာလ်တီဗိုက်တာမင်အားဆေး၊ အသည်းအားဆေး စသည်ဖြင့် အမည်တပ်တပ်ပြီး ဗီတာမင်အစုံပါတဲ့တခြားအားဆေးတွေ(ဗီတာမင်ဒီအပါအဝင်)ကို နှစ်မျိုးလောက်ထပ်သောက်လိုက်ရင်ပဲ ဗီတာမင်နဲ့သတ္တုဓာတ်တွေလိုတာထက်ပိုတော့မှာပါ။ ဒီဓာတ်တွေအကုန်လုံးဟာ ခန္ဓာကိုယ်ကြီးလည်ပတ်ရှင်သန်နိုင်ဖို့ မရှိမဖြစ်လိုအပ်တဲ့အာဟာရဓာတ်တွေဖြစ်ပေမယ့် လိုအပ်တဲ့ပမာဏထက် မလွန်ကဲနေသင့်ပါဘူး။ ဗီတာမင် ဒီလွန်ကဲရင် အရင်ဆုံးပျက်စီးမှာ ကျောက်ကပ်ပါပဲ။

လတ်တလောအဖြစ်ဆုံးသာဓကတစ်ခုကိုပြရရင် ကနေဒါအမျိုးသားတစ်ယောက်ဟာ တစ်နေ့တာသောက်သုံးသင့်တဲ့ ဗီတာမင် ဒီပမာဏထက် ၁၂ ဆ ပိုသောက်မိလို့ ကျောက်ကပ်ပျက်စီးခဲ့ရပါတယ်။ သူဟာ သဘာဝကုထုံးပညာရှင်တစ်ယောက်ရဲ့အကြံပြုချက်နဲ့ ဗီတာမင်ဒီ ပမာဏအများကြီးကို နေ့တိုင်းသောက်ခဲ့တာ နှစ်နှစ်ခွဲရှိခဲ့ပါပြီတဲ့။

အသက် ၅၄ နှစ်ရှိပြီဖြစ်တဲ့ အဲဒီအမျိုးသားက ခန္ဓာကိုယ်ထဲမှာ ဗီတာမင် ဒီရဖို့ နှစ်ပတ်တာအားလပ်ရက်မှာ တစ်နေ့ကို ၈ နာရီလောက် နေပူစာလှုံခဲ့ပြီးနောက် ကျန်းမာရေးဆိုးဝါးလာခဲ့တာဖြစ်ပါတယ်။

ဆေးစစ်ချက်တွေအရ သူ့ရဲ့သွေးထဲမှာ creatinine ပမာဏမြင့်တက်လျက်ရှိတာတွေ့ရပြီး ဒါဟာ ကျောက်ကပ်ကောင်းကောင်းအလုပ်မလုပ်နိုင်တဲ့လက္ခဏာတစ်ခုဖြစ်နေပါတယ်။

သွေးတွင်း ဗီတာမင်ဒီနဲ့ ကယ်လ်စီယမ်ပမာဏက အန္တရာယ်ရှိတဲ့အဆင့်အထိ မြင့်တက်နေတာကြောင့် ကျောက်ကပ်လုပ်ဆောင်ချက်တွေပျက်ယွင်းကုန်တာ ဆရာဝန်တွေက သိရှိခဲ့ပါတယ်။

ဒီလူနာကို ကျန်းမာရေးပြန်ကောင်းလာအောင် အချိန်တစ်နှစ်လောက် ကြိုးစားကုသခဲ့ရတာတောင် နောက်ဆုံးမှာ နာတာရှည်ကျောက်ကပ်ရောဂါဖြစ်ကျန်ခဲ့ပြီး ကျောက်ကပ်ဆေးနေရတဲ့အဖြစ်ကိုရောက်ရတော့မှာပါ။

သူ့မှာ အရိုးပါးတဲ့ ဒါမှမဟုတ် ဗီတာမင်ဒီချို့တဲ့တာ လိုမျိုး ရောဂါရာဇဝင်မရှိခဲ့ဘဲ တစ်နေ့ကို ဗီတာမင်ဒီ 8,000 ကနေ 12,000IU အား သောက်သုံးခဲ့တာဖြစ်ပါတယ်။

ကျန်းမာရေးအကြံပြုချက်တွေအရ ပုံမှန်ဆို ဗီတာမင်ဒီကို တစ်နေ့ 1000IU အထိပဲ အများဆုံးသောက်သုံးလို့ရတာဖြစ်ပါတယ်။ ဒါ့ကြောင့် သူ့လိုပဲ တခြားလူတွေအသိအမြင်တွေမှားနေကြမှာကို Toronto General Hospital က ဆရာဝန်တွေက စိုးရိမ်ခဲ့ကြပါတယ်။

“ ဗီတာမင်အားဆေးတွေကတော့ ဘေးမဖြစ်နိုင်ဘူးလို့ သူတစ်ထစ်ချထင်ထားပုံရတယ်။ သူ့အတွေးအရဆိုရင် ဗီတာမင်ဒီကို ပိုသောက်လေ၊ အရိုးပိုကြံ့ခိုင်လေပဲ။” လို့ လူနာရဲ့အသိအမြင်မှားအကြောင်း ဒေါက်တာBourne Auguste ကရှင်းပြပါတယ်။

သူက သဘာဝပစ္စည်းတွေနဲ့ကုသပေးတယ်လို့ဆိုတဲ့ homeopathy ကုထုံးပညာရှင်တစ်ဦးနဲ့တွေ့ဆုံခဲ့ဖူးတယ်။ အဲဒီပညာရှင်က တစ်စက်မှာ ဗီတာမင်ဒီ 500IU ပါတဲ့ အစက်ချဆေးအမှတ်တံဆိပ်တစ်မျိုးကို တစ်နေ့ ၈ စက် သောက်ဖို့ အကြံပေးခဲ့တာဖြစ်ပါတယ်။ ဒီအကြောင်းကို ကနေဒါ ကျန်းမာရေးဂျာနယ် Medical Association Journal မှာဖော်ပြထားတာပါ။

ဒီဆေးနဲ့တင် တစ်နေ့ကို ဗီတာမင်ဒီ 4,000IU ဖြစ်နေပြီကို မသိနားမလည်ခဲ့တဲ့ အဲဒီအမျိုးသားဟာ တစ်စက်ကို 1,000IU ပါတဲ့တခြား ဗီတာမင်ဒီဆေးတစ်မျိုးကို ထပ်ဝယ်ခဲ့ပါသေးတယ်။ အားလပ်ရက်ခရီးစဉ်ကပြန်လာပြီးတဲ့နောက်တော့ သူဆရာဝန်ပြခဲ့ရပါတော့တယ်။

အစကတော့ ရေဓာတ်ခန်းခြောက်တာ ဒါမှမဟုတ် အပူလျှပ်တာလို့ ဆရာဝန်ကယူဆခဲ့လို့ သွေးကျဆေးနဲ့ဆီးဆေးတွေကို ရပ်စေခဲ့ပါတယ်။ သွေးစစ်ချက်အရ သိရတော့မှ ကျောက်ကပ်အထူးကုကိုဆက်ပြခဲ့ရတာပါ။

အဲဒီတော့မှ သူသောက်နေတဲ့အားဆေးတွေနဲ့ သူစားနေတဲ့ကယ်လ်စီယမ်ကြွယ် အစားအစာတွေကိုရပ်ခိုင်းရပါတယ်။ ဗီတာမင်ဒီအဆိပ်သင့်မှုအတွက် ရောဂါကုသစောင့်ရှောက်မှုတစ်နှစ်နီးပါးရှိတော့မှ သူ့ရဲ့ကယ်လ်စီယမ်နဲ့ဗီတာမင်ဒီပမာဏက ပုံမှန်ပြန်ဖြစ်လာပါတယ်။ ဒါပေမယ့် သူ့မှာ နာတာရှည်ကျောက်ကပ်ရောဂါ အဆင့် ၃ ဖြစ်နေခဲ့ပါပြီ။

တကယ်တော့ နေရောင်ခြည် ဒါမှမဟုတ် အစားအသောက်ကရတဲ့ ဗီတာမင်ဒီပမာဏက ခန္ဓာကိုယ်အတွက်အန္တရာယ်မရှိနိုင်ပါဘူး။ လိုအပ်ရင် ဆရာဝန်ညွှန်ကြားချက်အရ သောက်သုံးရင်လည်း ဘေးမရှိစေပါဘူး။ အပေါ်မှာပြောခဲ့သလို ကိုယ့်သဘောနဲ့ကိုယ် သို့မဟုတ် သူများအပြောကြောင့် သောက်သုံးနည်းလွဲမှားရင်တော့ အန္တရာယ်ရှိပါတယ်။

ရေးသားသူ Yun Sandi Nan Mon

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win