ပြည်ထောင်စုလွှတ်တော်၌ အတည်ပြုလိုက်သော ဖွဲ့စည်းပုံအခြေခံ ဥပဒေ ၂၀၀၈ ခုနှစ် ပြင်ဆင်ရေးကော်မတီ ဖွဲ့ စည်းခြင်းကို ထောက်ခံသည့် အနေဖြင့် ဆိုင်းဘုတ်စိုက်ထူပွဲကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီက ဦးဆောင်ကာ ပဲခူးမြို့၌ ဖေဖော်ဝါရီ ၉ ရက် နံနက်ပိုင်းတွင် လူအင်အား ၅၀၀ ကျော်ဖြင့် ပြုလုပ်ခဲ့သည်။
”၂၀၀၈-ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ဖို့ ပြည်ထောင်စုလွှတ်တော် ပူးပေါင်းကော်မတီကို ၀န်းရံထောက်ခံကြပါစို့” စာတန်းပါ ဆိုင်းဘုတ်ကို ပဲခူးမြို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ဦးဆောင်၍အစိုးရအဖွဲ့ဝင် ၀န်ကြီးများ၊ တိုင်းဒေသကြီး လွှတ်တော်ဒုတိယဥက္ကဋ္ဌနှင့် လွှတ်တော်ကိုယ်စားလှယ် များ၊ ၈၈ ငြိမ်း/ပွင့်(ပဲခူး)အဖွဲ့ဝင်များ၊ ပရဟိတလူငယ်များနှင့် ဒေသခံပြည်သူ များပူးပေါင်းကာ ရွှေမော်ဓောလမ်းတစ်လျှောက် သယ်ဆောင်လာပြီး ရန်ကုန်-မန္တလေးလမ်းမကြီး ဗိုလ်ချုပ်ကြေးရုပ်ရှေ့တွင် စိုက်ထူခဲ့သည်။
”ဒီဖွဲ့စည်းပုံအခြေခံဥပဒေဟာ ပြည်သူအားလုံး ထောက်ခံခဲ့တယ် ဆိုပြီး လိမ်ညာကာ ဆန္ဒမဲရယူခဲ့တဲ့ဖွဲ့စည်းပုံဖြစ်တယ်။ လက်ရှိ ဒီမိုကရေစီ လမ်းကြောင်းနဲ့ မကိုက်ညီတဲ့အချက်တွေ ပါလာတာမို့ အခြေခံဥပဒေဟာ မပြင်ဆင်လို့ကို မရတော့လို့ ပြည်ထောင်စုမှာ ကျွန်တော်တို့ပါတီက တင်ပြ ခဲ့တာပါ။ ဖွဲ့စည်းပုံအခြေခံဥပဒေကိုပြင်ဆင်မယ့် ပြည်သူ့လွှတ်တော်ပူးပေါင်းကော်မတီကို အပြည့်အ၀ထောက်ခံပါတယ်။ လက်ရှိသွားနေတဲ့ အတိုင်းအတာမှာ ပြည်သူကိုဗဟိုပြုတယ်ဆိုသော်လည်း တပ်မတော်က နိုင်ငံရေးမှာဝင်ပါနေတဲ့အတွက်အခြေခံဥပဒေပြင်ဆင်ရေးကို ထောက်ခံရခြင်းဖြစ်တယ်”ဟု ပဲခူးတိုင်းဒေသကြီးလွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးကြည်ဇင်ကပြောဆိုသည်။
ပဲခူးမြို့၌ လွန်ခဲ့သည့် ဇန်န၀ါရီလကုန်ပိုင်းကလည်း ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေဖျက်သိမ်းရေး စတစ်ကာကမ်ပိန်းကို နိုင်ငံရေးတက်ကြွလှုပ်ရှားသူများနှင့် နိုင်ငံရေးအကျဉ်းသားဟောင်းများပူးပေါင်းပြုလုပ်ခဲ့ပြီး ”၂၀၀၈ ခြေဥ အလုပ်မဖြစ်၊ အမြန်ဖယ်ရှားပစ်” စာတန်းပါ စတစ်ကာတစ်ထောင်နီးပါးကို ခရီးသွားပြည်သူများ၏ ဆိုင်ကယ်၊ ကား၊ သုံးဘီးယာဉ်များတွင် ကပ်နှိပ်ပေးခဲ့ကြောင်းသိရသည်။
”ကျွန်တော်တို့ ပဲခူးမြို့နဲ့ အခြားနယ်မြို့တွေပါ ခြေဥပြင်ဖို့၊ ဒါမှမဟုတ်ဖျက်သိမ်းဖို့အတွက် ဇန်န၀ါရီ ၂၆ ရက်ကစတင်ပြီး နိုင်ငံရေးလှုပ်ရှားမှု ကမ်ပိန်းကို စနေ၊ တနင်္ဂနွေနေ့ အပတ်စဉ်လှုပ်ရှား သွားမှာပါ”ဟု ပဲခူးမြို့မှ နိုင်ငံရေးတက်ကြွလှုပ်ရှားသူတစ်ဦးက ပြောဆိုသည်။
ဖွဲ့စည်းပုံအခြေခံဥပဒေ ၂၀၀၈ ပြင်ဆင်နိုင်ရေး ပူးပေါင်းကော်မတီတစ်ရပ်ကို ပြည်ထောင်စုလွှတ်တော်တွင်ဖေဖော်ဝါရီ ၆ ရက်က အတည်ပြုခဲ့ပြီးကော်မတီဖွဲ့စည်းနိုင်ရေးအတွက် အစည်းအဝေးတစ်ရပ်ကို ဖေဖော်ဝါရီ ၈ ရက်က နေပြည်တော်ရှိ ဇဗ္ဗူသီရိခန်းမဆောင်၌ ကျင်းပခဲ့ကာ ကော်မတီကို အဖွဲ့ဝင်၄၅ ဦးဖြင့် ဖွဲ့စည်းသွားမည်ဖြစ်သည်။
No comments:
Post a Comment