အဆိုပါ အကြောင်း အား ဖွင့်ချရေးသားခဲ့သူ ကတော့ အိန္ဒိယ နိုင်ငံသား ဖြစ်သူ ထင်ရှားသည့် ဘောဂဗေဒပညာရှင် အူဆာ ပက်နိတ် (Utsa Patnaik) ဖြစ်ပြီး ၎င်း၏ အဆိုပါ သုတေသန စာတမ်းအား အမေရိကန် ကိုလံဘီယာ တက္ကသိုလ်ကြီးမှ ပုံနှိပ် ဖြန့်ချီခဲ့ပါတယ်။
ပက်နိတ် ၏ တွက်ချက်မှုအရ ၁၇၆၅ မှ ၁၉၃၈ အတွင်း ဗြိတိသျှ တို့ အိန္ဒိယမှ တတိတိ နှင့် ထုတ်ယူ သုံးစွဲခဲ့သော ငွေ ပမာဏ စုစုပေါင်းသည် အမေရိကန် ဒေါ်လာ ၄၄.၆ တြီလီယံ ခန့် ရှိတယ်လို့ သိရပါတယ်။ ထိုသို့ တွက်ချက်မှု များသည် နှစ်ပေါင်း နှစ်ရာ အတွင်း ၎င်းလေ့လာ ခဲ့သည့် ကုန်သွယ်ရေး နှင့် အခွန် အတုပ် ကောက်ခံရရှိမှု စာရင်းဇယားများကို အခြေခံပြီး ပြုလုပ်ခဲ့ခြင်း လည်း ဖြစ်ပါတယ်။
သို့သော် ထိုကာလများ က ဗြိတိန်မှ အိန္ဒိယ အား အုပ်ချုပ်နေမှု အတွက် အကုန်အကျများသည်သာ ရှိပြီး စီးပွားရေး အရ ဗြိတိန်အတွက် မည်သို့မျှ အကျိုးကျေးဇူး ဖြစ်ထွန်းခဲ့ခြင်း မရှိလို့ ဗြိတိသျှ အစိုးရ အဆက်ဆက် က တသမတ်တည်း ပြောဆိုလာနေခဲ့ကြတာ ဖြစ်ပါတယ်။ မကြာသေးမီက ရာထူးမှ ဆင်းပေးခဲ့ရသော ၀န်ကြီးချုပ် ဒေးဗစ် ကင်မရွမ်းက ပင် ဗြိတိသျှ တို့ အုပ်ချုပ်မှုကြောင့် အိန္ဒိယတွင် အသားတင် အကျိုးအမြတ်များ ဖြစ်ထွန်းခဲ့တယ်လို့ ပြောနေဆဲ ဖြစ်ပါတယ်။
၂၀၁၄ ခုနှစ် YouGov အဖွဲ့ကြီးရဲ့ ဗြိတိန် တွင် စစ်တမ်း ကောက်ယူချက်များအရ နိုင်ငံသား ငါးဆယ် ရာနှုန်းက ကိုလိုနီ ၀ါဒသည် ကိုလိုနီပြုခံ နိုင်ငံ များအား အကျိုး ဖြစ်ထွန်းခဲ့တယ်လို့ ယုံကြည်နေကြဆဲ ဖြစ်ပါတယ်။
သို့သော် ဗြိတိန် အနေဖြင့် အိန္ဒိယ ကို ဖွံ့ဖြိုး တိုးတက်အောင် မလုပ်ခဲ့ယုံမက ၎င်းတို့ ရပိုင်ခွင့် ရှိသော ငွေများကို ခိုးယူ သွားခဲ့တယ်လို့ ထုတ်ဖေါ်လိုက်ပြီ ဖြစ်ပါတယ်။
ဗြိတိသျှ သူကောင်းမျိုးနွယ်များဟု ဟစ်ကြွေးခဲ့ကြသူများက လက်ရှိ ၎င်းတို့နိုင်ငံ၏ တနှစ်ပါတ်လုံး ထုတ်ကုန် စုစုပေါင်း ပမာဏ ထက် ၁၇ ဆ မျှ ရှိသော ငွေကြေးများကို တတိတိဖြင့် မည်သို့ မည်ပုံ ခိုးယူကြပေသနည်း။
ကုန်သွယ်ရေး စနစ်မှ စတင်ခဲ့ခြင်းဟု ဆိုပါတယ်။ အိန္ဒိယအား သိမ်းပိုက်ခြင်း မပြုမီအထိ ဗြိတိသျှ တို့က အိန္ဒိယနိုင်ငံထွက် အထည်အလိပ် နှင့် ဆန်စပါးတို့အား အခြားနိုင်ငံများ နည်းတူ ငွေဒင်္ဂါးပြားများဖြင့် ပုံမှန်အတိုင်း ပေးချေဝယ်ယူခဲ့ကြပါတယ်။ သို့သော် ၁၇၆၅ နောက်ပိုင်း အရှေ့အိန္ဒိယ ကုမ္ပဏီကြီး East India Compay (EIC) သည် အိန္ဒိယ ကုန်းမြေကြီးအား ဗိုလ်ကျ စိုးမိုးလာခဲ့ပြီး ကုန်သွယ်ရေး ကို လက်ဝါးကြီး အုပ်လာခဲ့ပါတယ်။
အီးအိုင်စီသည် အိန္ဒိယတွင် အခွန်အတုပ်များ စတင်ကောက်ခံလာခဲ့ပါတယ်။ ရရှိလာသော အခွန်ငွေများ၏ သုံးပုံတပုံကို ၎င်းတို့ အတွက် အိန္ဒိယ ကုန်စည်များကို ၀ယ်ယူရာမှာ ငွေပေးချေခဲ့ကြပါတယ်။ ဤသည်ကား ငါးကြင်းဆီ နှင့် ငါးကြင်းပြန်ကြော်သည့် လုပ်ရပ်သာ ဖြစ်ပါတော့တယ်။ ၎င်းတို့ အိပ်မှ တပြားတချပ် မျှပင် စိုက်ထုတ်စရာ မလိုပဲ အိန္ဒိယ ထွက်ကုန်များကို အလကားနီးပါး ရယူခဲ့ကြတာသာ ဖြစ်ပါတယ်။ အိန္ဒိယ လယ်သမား များ နှင့် ရက်ကန်းသည်များကတော့ ၎င်းတို့ ပေးခဲ့ရသည့် အခွန်ငွေများ ဖြင့် ၎င်းတို့ ပစ္စည်းများ လာရောက် ၀ယ်ယူနေကြသည်အဖြစ်ကို မည်သို့များ ရိပ်မိနိုင်ကြအံ့ပေမည်နည်း။
ထိုသို့ အိန္ဒိယ ပြည်သူများ၏ အိပ်ကပ်ထဲမှ နှိုက်ယူခဲ့ကြသော ငွေများ ဖြင့် ၀ယ်ယူခဲ့သည့် ကုန်ပစ္စည်းများ၏ အချို့တ၀က်ကို ဗြိတိန် တွင် သုံးစွဲခဲ့ကြပြီး ပိုလျံသည်များကို ပြည်ပ သို့ ပြန်လည် တင်ပို့ ရောင်းချနိုင်ခဲ့သဖြင့် အမြတ်အစွန်း များ ရရှိလာခဲ့ပြန်ပါတယ်။ ရောင်းချရာတွင်လည်း ပေးခဲ့ရသည့် တန်ဖိုးထက် အဆ တရာနီးပါးမျှ အမြတ်တင် ရောင်းချခဲ့ကြခြင်းလည်း ဖြစ်ပါတယ်။ ထိုသို့ရရှိလာသော မြောက်မြားလှသည့် အမြတ်အစွန်းများ ဖြင့် ဗြိတိသျှ ပိုင် စက်မှု လုပ်ငန်းကြီးများအတွက် လိုအပ်နေသော သံ၊ ကတ္တရာ၊ သစ် အစရှိသည့် မဟာဗျုဟာမြောက် ကုန်ကြမ်းများကို ၀ယ်ယူတင်သွင်းရာမှာ ပေးချေခဲ့ကြပါတယ်။ ထို့အတွက် ဗြိတိသျှ စက်မှုတော်လှန်ရေးကြီးကား အိန္ဒိယမှ ခိုးယူသွားသော ငွေများ ဖြင့် ဖြစ်ထွန်းအောင်မြင်ခဲ့တယ်လို့ စာတမ်းပြုစုသူ မစ္စတာ ပက်နိတ်က ရဲဝံ့စွာ ကြေငြာလိုက်ပါတယ်။
၁၈၅၈ တွင် အိန္ဒိယရှိ အီးအိုင်စီ နေရာတွင် ဗြိတိသျှ ရှိ ဘက်ကင်ဟမ် နန်းတွင်းနေ အရှင်သခင်များ က လွှဲပြောင်း အုပ်ချုပ်လာခဲ့ကြပါတယ်။ အီးအိုင်စီ တို့၏ လက်ဝါးကြီးအုပ် အမြတ်ထုတ် စနစ် ချုပ်ငြိမ်းသွားခဲ့ရပြီး ယင်းနေရာတွင် Tax and Buy System နဲ့ အစားထိုးပြီး ထပ်မံ လှည့်စားခဲ့ကြပြန်ပါတယ်။
ထိုစနစ်သစ်အရ အိန္ဒိယမှ ကုန်ထုတ်လုပ်သူများ သည် ၎င်းတို့ ပစ္စည်းများအား အခြားနိုင်ငံများသို့ တိုက်ရိုက်တင်ပို့ ရောင်းချခွင့် ရရှိလာခဲ့ကြပါတယ်။ သို့သော်လည်း အဆိုပါ ကုန်ပစ္စည်းများ အတွက် ငွေကို လန်ဒန်သို့ တိုက်ရိုက်ပေးချေကြရပါတယ်။ အိန္ဒိယမှ ပစ္စည်းများ မှာယူတင်သွင်းလိုသူများသည် ဦးစွာပထမ ဗြိတိသျှ တို့ ထုတ်ပေးသည့် Special Council Bill ခေါ် ငွေစက္ကူများကို ရွှေ သို့မဟုတ် ငွေဒင်္ဂါးပြားများ နဲ့ ၀ယ်ယူရပါတယ်။ ထို့နောက် အဆိုပါ ငွေစက္ကူများ ဖြင့် အိန္ဒိယ ကုန်သည်များ ကို ငွေပေးချေကြရပါတယ်။ တဖန် ကုန်သည်များက အဆိုပါ ငွေစက္ကူများအား နိုင်ငံတွင်းရှိ ကိုလိုနီ အုပ်ချုပ်ရေး ရုံးများတွင် ငွေသားဖြင့် ဖလှယ်ယူကြရပါတယ်။ ၎င်းတို့ ကို ဖလှယ်ပေးလိုက်သော ရူပီး ငွေများက အိန္ဒိယ ပြည်သူများထံ မှ ကောက်ခံရရှိထားတဲ့ အခွန်ငွေများထဲမှ ထုတ်ပေးလိုက်ခြင်းသာ ဖြစ်ပါတယ်။
လန်ဒန်ကတော့ ရွှေဒင်္ဂါး ငွေ ဒင်္ဂါးများအား မည်သို့မျှပင် အရင်းမစိုက်ရပဲ အသားတင် ရရှိသွားပါတော့တယ်။ အိန္ဒိယ အဖို့ကား ၎င်းတို့အတွက် တနေ့ ရွှေဥ တလုံး ဥပေးနေသော ငန်းကြီးပင် ဖြစ်ပါတော့တယ်။
အဆိုပါ အမြတ်အစွန်းများဖြင့် ၁၈၄၀ နောက်ပိုင်း တရုတ်အား ကျူးကျော်ခဲ့ခြင်း၊ အခြားနိုင်ငံများအား ကိုလိုနီအဖြစ် သိမ်းပိုက်ခြင်းတို့တွင် ငွေကြေး အလုံးအရင်း သုံးစွဲနိုင်ခဲ့ယုံမက အိန္ဒိယ စစ်ဗာရီများ၏ ၁၈၅၇ ပုန်ကန်မှုကြီးကိုပင် ရက်ရက်စက်စက် နှိမ်နှင်းနိုင်ခဲ့ကြပါတယ်။
မြန်မာနိုင်ငံသည်လည်း ၁၈၈၆ မှ စ၍ ဗြိတိသျှ အုပ်ချုပ်ရေး လက်အောက်ခံ အိန္ဒိယ ပြည်နယ် တခုဘ၀ ကျရောက်ခဲ့ရသဖြင့် မြန်မာပြည်မှလည်း ဗြိတိသျှ တို့ အလားတူ ခိုးယူခဲ့ကြမည်မှာလည်း ယုံမှားသံသယ မရှိပေ။ မည်ရွေ့မည်မျှ ဆိုသည်ကတော့ မစ္စတာ ပက်နိတ်လို ပညာရှင်များသာ အတိအကျ တွက်ချက်နိုင်တော့မှာလည်း ဖြစ်ပါတယ်။
မစ္စတာ ပက်နိတ် ၏ ရည်ရွယ်ချက်ကတော့ ဗြိတိသျှ တို့ အဖို့ ကိုလိုနီ နိုင်ငံများအား မဟာဂရုဏာတော်ဖြင့် ယဉ်ကျေးသိမ်မွေ့အောင် အနစ်နာခံ ပြုလုပ်နေရပါသည်ဆိုသော The White Man’s Burden ဆိုသည် အယူအဆအား အပြီးအပိုင် ဖယ်ရှားလိုသောကြောင့် ဖြစ်ပေသည်ဟု ဆိုပါတယ်။
ဖေါ်ပြပါ ပုံသည်ကား ဗြိတိသျှ တို့ ကြွေးကြော်ခဲ့သော The White Man’s Burden အား သရုပ်ဖေါ်ထားခြင်း ဖြစ်ပါတယ်။
ကိုးကား။ ။ How Britain stole $45 trillion
Credit- Hla SoeWai
No comments:
Post a Comment