ဧရာဝတီတိုင်းဒေသကြီး ဓနုဖြူ မြို့ ရွှေသံဖြူဘုန်းတော်ကြီးကျောင်းဝင်းရှိ သစ်တုံးမှ ထူးခြားစွာပေါ်ထွက်လာသည်ဟုဆိုသော စေတီတော်ပုံသဏ္ဌာန် (ယာပုံ)ကို လူထောင်နှင့်ချီ၍ လာရောက်ဖူးမြော်လျက်ရှိကြကြောင်း ဓနုဖြူမြို့နယ် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးစန်းထွေးနှင့် ဒေသခံများထံမှ သိရသည်။
"တစ်နေ့တခြား လူသိများပြီး လာရောက်ဖူးမြော်ကြတာပါ။ အနယ်နယ်အရပ်ရပ်က အစုံပါပဲ။ ဧရာဝတီနဲ့ ရန်ကုန်ကတော့ အများဆုံးပါပဲ။ ရက်ရှည် ရုံးပိတ်ရက်ရှိတာရယ်၊ ဒါ့အပြင် ဥမ္မာဒန္တီကမ်းခြေနဲ့နီးတဲ့အတွက် ဘုရားဖူး၊ ကမ်းခြေသွား၊ အဲဒီလိုတွေကြောင့် ဒီသစ်တုံးမှာ ထူးဆန်းစွာထွက်လာတဲ့ စေတီဆီကို ထောင်နဲ့ချီ ဖူးမြော်သူတွေရှိလာတာဖြစ်ပါတယ်။ ကျွန်တော်သွား ဖူးတုန်းကလည်း သစ်တုံးမှာ ဘုရားရှင်ရဲ့ရုပ်ပုံတော်က မြင်မြင်သာသာကို ထွက်နေတာ တွေ့ရ ပါတယ်"ဟု ဓနုဖြူမြို့နယ် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးစန်းထွေးက ပြောဆိုသည်။
ရွှေသံဖြူ ဘုန်းတော်ကြီးကျောင်းသည် ဥမ္မာဒန္တီကမ်းခြေနှင့်နီးသဖြင့် ကမ်းခြေ သို့ အပန်းဖြေလာရင်း သစ်တုံးတွင် ပေါ်ထွက်နေသည့် စေတီတော်ပုံသဏ္ဌာန်ကို အနယ်နယ်အရပ်ရပ်မှ ဘုရားဖူးများ ထောင်နှင့်ချီလာရောက်ဖူးမြော်နေပြီး ဧရာဝတီတိုင်းဒေသကြီးနှင့် ရန်ကုန်မြို့တို့မှ စင်းလုံးငှားကားများ၊ ကိုယ်ပိုင်ကားများ၊ ဆိုင်ကယ်များဖြင့် လာရောက်နေကြကြောင်း တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်နှင့် ဒေသခံများထံမှ သိရသည်။
အဆိုပါစေတီတော်သည် သစ်တုံး၏ထိပ်တွင် ထင်ထင်ရှားရှားပေါ်ထွက်နေ ခြင်းဖြစ်ကာ ဆရာတော်နှင့် ဂေါပကအဖွဲ့များက ကျောင်းတော်အတွင်း စနစ်တကျအပူဇော်ခံထားပြီး လက်ရှိတွင် ဘုရားဖူးများစွာ လာရောက်နေခြင်းကြောင့် ဒေသဖွံ့ဖြိုးရေးနှင့် ကျောင်းတော်အတွက် ရန်ပုံငွေအထောက်အပံ့တစ်ရပ်ဖြစ်စေကြောင်း တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်ထံမှ သိရသည်။
"လာကြတာတော့ ဒေသအစုံပါပဲ။ ဥမ္မာဒန္တီကမ်းခြေကိုလာရင်း ဒီရောက်တော့မှ ဒီမှာ ဒီစေတီရုပ်ပွားတော်ရှိတယ်လို့ သိကြပြီးလာကြသလို စေတီတော်ကို သက်သက်လာဖူးကြသူတွေလည်း ရှိပါတယ်။ စေတီတော်ကိုလာဖူးပြီး အလှူငွေထည့်သွားတဲ့ ဘုရားဖူးတွေကိုလည်း ရုပ်ပွားတော်ပုံတွေကို လက်ဆောင်အဖြစ် ပြန်ပေးပါတယ်။တစ်နေ့တခြားလူသိများပြီး လာရောက်ကြတာတော့ အမှန်ပါပဲ။ ဒေသအေးချမ်းမယ်။ ပြည်သူတွေ ကျန်းမာ၊ ချမ်းသာမယ်လို့ ယုံကြည်နေကြတာလည်း ဟုတ်ပါတယ်"ဟုဥမ္မာဒန္တီကမ်းခြေမှ ဈေးသည် ဒေါ်ဆွေသန်းက ပြောဆိုသည်။
ယင်းစေတီတော်ပုံသဏ္ဌာန် ပေါ်ထွက်လာသဖြင့် သဘာဝဘေးအန္တရာယ်အပေါင်းမှ လွတ်ကင်းခြင်း၊ ကျန်းမာခြင်း၊ ချမ်းသာခြင်း အသက်ရှည်ခြင်းစသည့် ကောင်းခြင်းများ ခံစားရသည်ဟု ဒေသခံအချို့က ယုံကြည်နေကြကြောင်း သိရသည်။
အဆိုပါ သစ်တုံးတွင် ပေါ်ထွက်လာသည့် စေတီတော်ပုံသဏ္ဌာန်မှာ ၂၀၁၈ နှစ်ကုန်ပိုင်းတွင် စတင်ပေါ်ထွက်လာခြင်းဖြစ်သဖြင့် နာဂစ်မုန်တိုင်းအလွန် တိုင်းပြည်၊ တိုင်းဒေသကြီး၊ မြို့အတွက် ကောင်းမွန်သည့် အတိတ်နိမိတ်အဖြစ် ယုံကြည်ကြကြောင်း ဒေသခံတို့က ပြောဆိုသည်။
သတင်း - တင်ဌေးလင်း(မြစ်မခ)
No comments:
Post a Comment