Thursday, January 3, 2019

သတင်းအချက်အလက်များ စုဆောင်းတင်ပြကြရန် လွတ်လပ်သော စုံစမ်းစစ်ဆေးရေးကော်မရှင်တောင်းဆို


ရခိုင်ပြည်နယ်တွင် အာဆာအကြမ်းဖက်တိုက်ခိုက်မှု ဖြစ်ပွားပြီးနောက် လူ့အခွင့်အရေးချိုးဖောက်ကြောင်း စွပ်စွဲချက်များနှင့်ဆက်နွှယ်သည့် ကိစ္စရပ်များကို စုံစမ်းစစ်ဆေးမည်ဖြစ်သောကြောင့် အဆိုပါဖြစ်စဉ်များနှင့် သက်ဆိုင်သောသက်သေများ၊ မှတ်တမ်းဓာတ်ပုံများ၊ အသံဖိုင်၊ရုပ်မြင်သံကြားဖိုင် အစရှိသည့် သက်သေများကို တင်ပြကြရန် လွတ်လပ်သော စုံစမ်းစစ်ဆေးရေး ကော်မရှင်က ဇန်န၀ါရီ ၃ ရက်တွင် တိုက်တွန်းတောင်းဆိုထားသည်။

လွတ်လပ်သော စုံစမ်းစစ်ဆေးရေးကော်မရှင်အနေဖြင့် ရခိုင်ပြည်နယ်ပြန်လည်သင့်မြတ်ရေး၊ ငြိမ်းချမ်းရေး၊ တည်ငြိမ်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးတို့ကို ဆောင်ရွက်ရန် အမျိုးသားအစီအစဉ် တစ်ရပ်အနေဖြင့် ဖွဲ့စည်းထားခြင်းဖြစ်ပြီး ရခိုင်ပြည်နယ်တွင် အာဆာအကြမ်းဖက်တိုက်ခိုက်မှုဖြစ်ပွားပြီးနောက် လူ့အခွင့်အရေးချိုးဖောက်မှုများနှင့် ယင်းနှင့်ဆက်နွှယ်သည့် ကိစ္စရပ်များကို စုံစမ်းစစ်ဆေးသွားမည်ဖြစ်ကြောင်း သိရသည်။

အချက်အလက်များ ရှာဖွေရေးတာဝန်ကို ဆောင်ရွက်ရာတွင် လွတ်လပ်သော စုံစမ်းစစ်ဆေးရေး ကော်မရှင်အနေဖြင့် ရခိုင်ပြည်နယ်အတွင်း ၂၀၁၇ သြဂုတ် ၂၅ ရက်နှင့် ယင်းရက်နောက်ပိုင်း ဖြစ်ပွားခဲ့သည့်ဖြစ်စဉ်များကို ရှာဖွေမည်ဖြစ်သောကြောင့် မည်သူမဆို မိမိသိရှိထားသော သက်သေခံ အချက်အလက်များကို အဖွဲ့အစည်းလိုက် သော်လည်းကောင်း၊ တစ်ဦးချင်းလိုက်သော်လည်းကောင်း ပေးပို့နိုင်ကြောင်း ဖိတ်ခေါ်ထားခြင်းဖြစ်သည်။

ယင်းအချက်အလက်များကိုပေးပို့ရာတွင်မြန်မာ၊ အင်္ဂလိပ်၊ ရခိုင်နှင့် ဘင်္ဂါလီစာတစ်မျိုးမျိုးဖြင့် ရေးသားဖော်ပြပြီး ၂၀၁၉ခုနှစ် ဇန်န၀ါရီ ၃၁ ရက် နောက်ဆုံးထား၍ နေပြည်တော် ဇမ္ဗူသီရိမြို့နယ် ၀ဏ္ဏသိဒ္ဓိရပ်ကွက် ဇေယျာအောင်မြေလမ်း အမျိုးသားပြန်လည်သင့်မြတ်ရေး နှင့်ငြိမ်းချမ်းရေး ဗဟိုဌာန၊ လွတ်လပ်သောစုံစမ်းစစ်ဆေးရေးကော်မရှင်ရုံးထံ စာတိုက်မှသော်လည်းကောင်း၊ အီးမေးလ် လိပ်စာဖြစ်သည့် info@icoe–Myanmarorg သို့ပေးပို့နိုင်ကြောင်း လွတ်လပ်သောစုံစမ်းစစ်ဆေးရေး ကော်မရှင်က ထုတ်ပြန်ထားသည်။

သတင်း - နောင်လေး
photo credit-moi

No comments:

Post a Comment