Tuesday, January 8, 2019

AA ၊ ARSA ၊ ကုလားတန်စီမံကိန်းနဲ့ မဟာဗျုဟာမြောက် အိန္ဒိယ-မြန်မာ ဆက်ဆံရေး


ရခိုင်မှာဖြစ်ပွားနေတဲ့ ပဋိပက္ခတွေကို အခြေပြုပြီး OIC နိုင်ငံတွေနဲ့ အနောက်နိုင်ငံတွေက မြန်မာနိုင်ငံကို စီးပွားရေးဆိုင်ရာ တားဆီးမှုတွေ၊ ပြည်ပရင်းနှီးမြှုပ်နှံမှုတွေ ၀င်ရောက်လာမှုမရှိအောင် နည်းမျိုးစုံနဲ့ ဖိအားပေးမှုတွေကြားမှာ မြန်မာနိုင်ငံအနေနဲ့ ဒီလိုဖိအားတွေကို ကျော်လွန်နိုင်ဖို့ လုံးဝကို မလွယ်ကူတဲ့ အခြေအနေပါ။ 
ရခိုင်အရေးကို ဖြေရှင်းပြီး အနောက်နိုင်ငံတွေရဲ့ ရင်းနှီးမြှုပ်နှံမှု မြန်မာနိုင်ငံကို အချိန်တိုအတွင်း အများအပြားဝင်လာရေးဟာ နတ်သိကြားတွေ ဖန်ဆင်းမှရနိုင်မယ့် အခြေအနေဖြစ်နေပြီး လက်ရှိ အခြေအနေမှာတော့ နယ်မြေလိုချင်တဲ့ AA၊ ARSA အဖွဲ့တွေရဲ့ တိုက်ခိုက်မှုတွေကြောင့် ရခိုင်ပဋိပက္ခဟာ ဘယ်လိုမှ ပြေငြိမ်းမယ့် အခြေအနေမှာ မရှိပါဘူး။

တစ်ဖက်မှာလည်း မြန်မာနိုင်ငံဟာ အရင်စစ်အာဏာရှင်တွေခေတ်ကလို တရုတ်နိုင်ငံကိုပဲ မှီခို အားထားနေရတယ်ဆိုတဲ့ အခြေအနေပြန်ဖြစ်လာပြီး ဒီအခြေအနေကိုလည်း ကျော်လွန်ဖို့ လိုအပ်လာပါတယ်။
အနောက်နိုင်ငံတွေနဲ့ OIC နိုင်ငံတွေဟာ လူ့အခွင့်အရေးကို ဗန်းပြပြီး ရခိုင်ပြည်နယ်မှာ ARSA ခြေကုပ်ယူဖို့အတွက် လုပ်ဆောင်ပေးနေတာကို မြင်နေရသလို တရုတ်နိုင်ငံကလည်း အနောက်နိုင်ငံတွေ ရဲ့ ဖိအားကို ကြံ့ကြံ့ခံပေးနေတဲ့ ဗီတိုအာဏာရ နိုင်ငံတစ်ခုအဖြစ် မြန်မာကို ကယ်တင်ရှင်လုပ်ပေးနေချိန်မှာ မြန်မာနိုင်ငံဟာ တရုတ်နိုင်ငံ တစ်ခုတည်းကိုပဲ အားထားနေရတဲ့ အခြေအနေကနေ မဟာဗျုဟာမြောက် ဖောက်ထွက်ဖို့ စဉ်းစားရမှာပါ။

အဲဒီလို မဟာဗျုဟာမြောက် စဉ်းစားလာမယ်ဆိုရင် မြန်မာနိုင်ငံဟာ တရုတ်နိုင်ငံလိုပဲ လူဦးရေများပြီး တရုတ်နိုင်ငံလိုပဲ ရခိုင်ပြည်နယ်မှာ စီမံကိန်းကြီးရှိနေတဲ့ အိန္ဒိယနိုင်ငံကို မဟာဗျုဟာမြောက်နိုင်ငံ တစ်ခုအဖြစ် ထည့်သွင်းစဉ်းစားဖို့ လိုအပ်ပါတယ်။
ကမ္ဘာ့ထိပ်တန်း အင်အားကြီးနိုင်ငံတစ်ခုဖြစ်တဲ့ တရုတ်နိုင်ငံကို မြန်မာနိုင်ငံအနေနဲ့ ချိန်ညှိမယ်ဆိုရင် အနောက်အုပ်စုရဲ့ အင်အားကို သုံးဖို့ဆိုတာ လုံးဝမဖြစ်နိုင်တော့တာမို့ အိန္ဒိယ၊ ဂျပန်၊ ကိုရီးယားနဲ့ အာဆီယံ နိုင်ငံတွေစတဲ့ အရှေ့တိုင်းနိုင်ငံတွေရဲ့ အင်အားကိုလည်း မြန်မာနိုင်ငံဟာ ယူငင်အားထားနိုင်ဖို့ လိုအပ်ပါတယ်။ အနီးစပ်ဆုံး အနေနဲ့ဆိုရင် အိမ်နီးချင်း တရုတ်၊ အိန္ဒိယကို မြန်မာနိုင်ငံဟာ မဟာဗျုဟာမြောက် ပေါင်းကူးပေးနိုင်မယ့် လမ်းကြောင်းတွေလည်း ရှိနေပြီး ဒီလိုပေါင်းကူးပေးမယ့် လမ်းကြောင်းတွေသာ အောင်မြင်မယ်ဆိုရင် အိန္ဒိယနဲ့ တရုတ်အတွက်လည်း လူသန်းထောင်ချီရှိတဲ့ ဈေးကွက်ကြီးတွေကို အပြန်အလှန်ရရှိနိုင်မှာဖြစ်ပါတယ်။ ဒါ့အပြင်လည်း ဒီလို ချိတ်ဆက်မှုကပဲ AA နဲ့ ARSA ရဲ့ တိုက်ခိုက်မှုတွေကို ထိန်းကျောင်းနိုင်တဲ့ အခြေအနေ ဖြစ်လာပါလိမ့်မယ်။
■ ဘာလဲ၊ ဘယ်လဲ AA ၊ ARSA

KIA ရဲ့ မွေးထုတ်မှုနဲ့ အချိန်တိုအတွင်းမှာ ကြီးထွားလာခဲ့တဲ့ ရခိုင့်တပ်မတော် AA ဟာ လိုင်ဇာမှာ အခြေစိုက်စခန်းတည်ပြီး ချင်း၊ ကချင်၊ ရခိုင်၊ ရှမ်းနဲ့ ဘင်္ဂလားဒေ့ရှ် -မြန်မာ နယ်စပ်မျဉ်းအပေါ်မှာ လှုပ်ရှားပါတယ်။ ၂၀၁၈ ခုနှစ်အတွင်း ဖြစ်ပွားခဲ့တဲ့ ထိတွေ့စစ်ပွဲတွေကို ပြန်ကြည့်မယ်ဆိုရင် ချင်းပြည်နယ်၊ ပလက်ဝဘက်မှာ ဖြစ်ပွားမှုများပြီး ချင်းပြည်သူတွေဟာ တိုက်ပွဲတွေအကြားမှာ စစ်ရှောင်နေရတဲ့ ဒုက္ခကို ဖြစ်စေခဲ့သလို အဲဒီစစ်ပွဲတွေဟာ အိန္ဒိယ-မြန်မာရဲ့ ကုလားတန် စီမံကိန်းလမ်းကြောင်းပေါ်မှာ ဖြစ်ပွားနေတာကို တွေ့ရပါတယ်။ AA ဟာ ဘာလို့ကုလားတန်စီမံကိန်းအပေါ်မှာ အခြေစိုက်ပြီး စီမံကိန်းပျက်စီးအောင်၊ နှောင့်နှေးကြန့်ကြာအောင် တိုက်ပွဲတွေ ဖန်တီးနေလဲဆိုတာ မေးခွန်းထုတ်စရာဖြစ်လာသလို ဒီလို စီမံကိန်းပျက်စီးနှောင့်နှေးအောင် တိုက်ပွဲတွေ ဖန်တီးဖို့ ဘယ်သူက ငွေကြေးထောက်ပံ့နေလဲဆိုတာ မေးခွန်းထုတ်စရာ ဖြစ်လာပါတယ် ။ 
၂၀၀၉ ခုနှစ်မှာမှ စတင်ခဲ့တဲ့ AA ကို ရခိုင်ပြည်သူအချို့က ထောက်ခံတယ်ဆိုပေမဲ့ အချိန်တိုအတွင်းမှာ လူအင်အားအများအပြားနဲ့ လက်နက်လူသူ စစ်အင်အား စုဆောင်းနိုင်ဖို့ ဒေါ်လာသန်းပေါင်း ရာနဲ့ချီတဲ့ငွေကြေးတွေ ဘယ်ကရနေလဲ။ ဘယ်သူက ထောက်ပံ့နေလဲဆိုတာ စဉ်းစားစရာ ဖြစ်လာပါတယ်။

တစ်ဖက်မှာဆိုလည်း ဘင်္ဂါလီအကြမ်းဖက်အဖွဲ့ ARSA နဲ့ AA ဟာ နယ်စပ်မျဉ်းအပေါ်မှာ လှုပ်ရှားနေတာကို ထိတွေ့တိုက်ပွဲ မဖြစ်ကြတာဟာ မေးခွန်းထုတ်စရာဖြစ်လာပြီး နယ်မြေအုပ်စိုးမှုဆိုင်ရာ ညှိနှိုင်းမှုတွေရယူပြီး တပ်မတော်နဲ့တိုက်ပွဲတွေ ဖန်တီးမှုဖြစ်လာသလားဆိုတာ မေးခွန်းထုတ်စရာ ဖြစ်လာပါတယ်။

ဒါကြောင့်လည်း AA ဟာ အကြမ်းဖက်အဖွဲ့ ARSA နဲ့ စစ်ရေးအရ မဟာမိတ်ပြုပြီး ဇန်န၀ါရီ ၄ ရက်မှာ အကြမ်းဖက်လုပ်ရပ်ကို ဆောင်ရွက်ခဲ့တာလို့ ပထမအကြိမ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးသိန်းညွန့်က MCN TV NEWS မှာ ဝေဖန်ထောက်ပြခဲ့တာကို တွေ့ရပါတယ်။
အစွန်းရောက်ဘင်္ဂါလီ ARSA အကြမ်းဖက်အဖွဲ့ဟာ ၂၀၁၆ ခုနှစ် အောက်တိုဘာမှာ ရဲကင်းစခန်းသုံးခုနဲ့ ၂၀၁၇ ခုနှစ် သြဂုတ်မှာ ရဲကင်းစခန်း ၃၀၊ တပ်စခန်းတစ်ခုကို တိုက်ခိုက်ခဲ့တာကြောင့် ၀န်ထမ်းတွေနဲ့ ပြည်သူတွေ ရာနဲ့ချီ သေဆုံးမှုဖြစ်စဉ်တွေကြောင့် ARSA ဟာ အကြမ်းဖက်အဖွဲ့အစည်းလို့ မြန်မာအစိုးရက သတ်မှတ်ထားပြီးဖြစ်ပါတယ်။ ဒီလို အကြမ်းဖက်အဖွဲ့အစည်းတစ်ခုနဲ့သာ AA ဟာ စစ်ရေးအရ သဘောတူညီမှုယူပြီး လက်နက်လူသူအင်အားနည်းတဲ့ ရဲကင်းစခန်းတွေကို တိုက်ခိုက်ခဲ့တာဟာဆိုရင် AA ဟာလည်း ARSA နဲ့ မခြားနားတဲ့ အဖွဲ့အစည်းလို့ပဲ ပြောရမှာဖြစ်ပါတယ်။
နောက်ဆုံးတစ်ချက်က ရခိုင်ပြည်နယ်ဘက်မှာ မူးယစ်ဆေးဖမ်းမိမှုတွေဟာ ပြီးခဲ့တဲ့နှစ်ထဲမှာ တစ်ဟုန်ထိုးများပြားလာတဲ့ အချက်ပါ။ တစ်ရှိန်ထိုး အင်အားကြီးလာတဲ့ AA၊ ရခိုင်ပြည်နယ်မှာ မူးယစ် ဆေးများပြားလာမှု၊ အိန္ဒိယနိုင်ငံရဲ့ ကုလားတန်စီမံကိန်း ထိခိုက်ပျက်စီးအောင် Proxy War တွေ ဖန်တီး လာတဲ့သဘောသက်ရောက်နေတဲ့ အနေအထား၊ AA တပ်ဖွဲ့အတွက် လက်နက်လူသူစုဆောင်းဖို့ ဒေါ်လာသန်းပေါင်း ရာနဲ့ချီသုံးစွဲလာ နေတဲ့အခြေအနေ ဒါတွေအားလုံးကို ပြည်သူတွေ မြင်နိုင်ဖို့လိုသလို ဒီလိုရနေတဲ့ ငွေဝင်စီးကြောင်းတွေဟာ ဘယ်လိုသဘောတူညီချက်တွေနဲ့ ဖြစ်နိုင်လဲဆိုတာတွေကို ပြည်သူတွေ တွေးမြင်နိုင်ဖို့ လိုအပ်ပါတယ်။

■ ကုလားတန်မြစ်ကြောင်း ဘက်စုံသုံးစီမံကိန်းနဲ့ အိန္ဒိယရဲ့ အရှေ့မျှော်မူဝါဒအောက်က မြန်မာ

ကုန်းလမ်း၊ ရေလမ်း လမ်းနှစ်သွယ်ကနေ ရခိုင်ပြည်နယ်၊ ချင်းပြည်နယ်နဲ့ အိန္ဒိယ အရှေ့မြောက်ဘက် ပြည်နယ်တွေကို ဆက်သွယ်မယ့် ကုလားတန်မြစ်ကြောင်း ဘက်စုံသုံးစီမံကိန်း (Kaladan Multi modal Transit Transport Project) ဟာ အိန္ဒိယနိုင်ငံက ဒေါ် လာသန်း ၄၅၀ လောက်မြှုပ်နှံထားပါတယ်။ ဒီစီမံကိန်းဟာ အိန္ဒိယနိုင်ငံအတွက် ပြည်ပနိုင်ငံတွေကို မြှုပ်နှံတဲ့ အကြီးဆုံးစီမံကိန်းတစ်ခုလည်း ဖြစ်ပါတယ်။ စစ်တွေဆိပ်ကမ်း၊ ပလက်ဝပြည်တွင်းရေကြောင်း ဆိပ်ကမ်းတွေနဲ့ ကုန်းလမ်း၊ ရေလမ်းစီမံကိန်းဟာ ၂၀၀၈ ခုနှစ် က စတင်ခဲ့ပေမဲ့ နှောင့်နှေးကြန့် ကြာမှုများစွာဖြစ်ခဲ့ပြီး အဲဒီအတွက်လည်း အိန္ဒိယဘက်ကနေ မြန်မာနိုင်ငံကို ပြစ်တင်ပြောဆိုမှုတွေရှိခဲ့ပါတယ်။
လက်ရှိ ပဋိပက္ခဖြစ်ပွားနေတဲ့ ရခိုင်ဒေသဟာ မြန်မာနိုင်ငံရဲ့ မဟာဗျုဟာမြောက် နယ်မြေတစ်ခုဖြစ်သလို တရုတ်အတွက်အပြင် ဘင်္ဂလားဒေ့ရှ်နဲ့ အိန္ဒိယတို့အတွက် အကျိုးစီးပွား မြောက်မြားစွာရှိတဲ့နေရာပါ။

ရခိုင်ဒေသက စီမံကိန်းတွေကို ပြန်ကြည့်မယ်ဆိုရင် အိန္ဒိယနိုင်ငံဟာ ကုလားတန်ဘက်စုံ ဖွံ့ဖြိုးရေးစီမံကိန်း တစ်ခုပဲရှိတယ်ဆိုပေမယ့် ဒီစီမံကိန်းဟာ အိန္ဒိယနိုင်ငံ ကိုးလ်ကတ္တားနဲ့ စစ်တွေမြို့ကို ချိတ်ဆက်ပေးမယ့် အပြင်ဘင်္ဂါလီ အရေးဖြေရှင်းနေတဲ့ တပ်မတော်ကို AA က ချုံခိုတိုက်ခိုက်ခဲ့တယ်လို့ ဆိုထားတဲ့ ချင်းပြည်နယ် ပလက်ဝ၊ ကလေးဝဘက်တွေကနေ ပြီးတော့ အိန္ဒိယနိုင်ငံ မီဇိုရမ်ကို ဖြတ်သန်းသွားမယ့် ကုန်းလမ်းရေလမ်း လမ်းနှစ်သွယ်စီမံကိန်းပါ။ ဒါ့အပြင် တရုတ်နိုင်ငံရဲ့ OBOR စီမံကိန်းကို Power Balance လုပ်ဖို့အတွက် ချိန်ညှိနိုင်တဲ့ အခွင့်အရေးလည်း အိန္ဒိယနိုင်ငံမှာ ရှိနေပါတယ်။


သးကွေးတဲ့နယ်မြေနဲ့ လူဦးရေ ပေါက်ကွဲမှုကို ကြုံနေရလို့ Great Bengal အိပ်မက်နဲ့ အိမ်နီးချင်း နိုင်ငံတွေရဲ့ နယ်မြေကို ချဲ့ထွင်ဖို့ ကြိုးစားနေတဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံဟာ ကုန်သွယ်ရေးကဏ္ဍအတွက် မြန်မာနိုင်ငံကို မှီခိုနေရသလို တရုတ်ပြည်ဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံရဲ့ လမ်းပန်းဆက်သွယ်ရေးနဲ့ အခြေခံအဆောက် အအုံပြုပြင်ပြောင်းလဲရေးစီမံကိန်းတွေမှာ မြှုပ်နှံပြီး နည်းပညာအကူ အညီတွေလည်း ထောက်ပံ့ပေးလာ ခဲ့ပါတယ်။ အိန္ဒိယကို ပြန်လည်ထိန်းချုပ်ဖို့ လုပ်ဆောင်တဲ့ ဒီစီမံကိန်းမှာ တရုတ်၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံအကြား ကုန်စည်ကူးသန်းရောင်းဝယ်မှု အတွက် ဆက်သွယ်ရေးလမ်းတွေ ဖောက်လုပ်ဖို့ လိုအပ်လာပါတယ်။ ဒီလို လိုအပ်နေတဲ့ လမ်းတွေက မြန်မာနိုင်ငံကို ဖြတ်သန်းပြီးတော့မှ ဖောက်လုပ်ရမှာပါ။ ဒီအတွက်တော့ ဘင်္ဂလားဒေ့ရှ်-တရုတ်-အိန္ဒိက မြန်မာ လေးနိုင်ငံ BCIM စင်္ကြံကတော့ ရှိနေပြီးသားပါ။ ဒါပေမဲ့ မြန်မာနိုင်ငံမှာ လက်ရှိကြုံနေရတဲ့ နိုင်ငံတော်လုံခြုံရေးကို ခြိမ်းခြောက်နေတဲ့ ARSA အဖွဲ့သာ နယ်စပ်မျဉ်းမှာ ခြေကုပ်ရသွားပြီး အစ္စလာမ္မစ် လွတ်မြောက်နယ်မြေတစ်ခုသာ မြန်မာ- ဘင်္ဂလားဒေ့ရှ်နယ်စပ်မျဉ်းမှာ ဖြစ်လာခဲ့ရင် ဘင်္ဂလားဒေ့ရှ်ရဲ့ တရုတ်နဲ့ ချောမွေ့စွာ ကုန်သွယ်ရေးအိပ်မက်ဟာ လန့်နိုးရပါလိမ့်မယ်။ ဒါကြောင့်မို့ ဘင်္ဂလားဒေ့ရှ်နိုင်ငံအနေနဲ့လည်း AA နဲ့ ARSA အဖွဲ့ကို ထောက်ခံအားပေးတဲ့ အပြုအမူမျိုးထက် လက်မခံတဲ့ အပြုအမူမျိုး ပြသဖို့လိုအပ်ပါတယ်။


BCIM စင်္ကြံဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံအတွက် အကျိုးစီးပွားကြည့်ပေးထားသလို မြန်မာနိုင်ငံအတွက်ပဲ မဟာဗျုဟာမြောက် စဉ်းစားမယ်ဆို အခြားလမ်းကြောင်းတစ်ခုကလည်း ရှိနေပါတယ်။ အဲဒီလမ်းကြောင်းဟာ တရုတ်နဲ့ အိန္ဒိယကို တိုက်ရိုက်ချိတ်ဆက်ပေးမယ့် လီဒိုလမ်းမကြီးပါ။
၁၉၄၂ ခုနှစ်မှာ မြန်မာနိုင်ငံအပါအ၀င် အရှေ့တောင်အာရှ လမ်းကြောင်းတွေကို ဂျပန်တပ်မတော်က သိမ်းပိုက်လိုက်တာကြောင့် မြန်မာဘက်က လမ်းကြောင်း ပြတ်တောက်သွားပြီး တရုတ်နိုင်ငံဆီ ထောက်ပံ့ ရေးပစ္စည်းတွေ အမေရိကန် တင်ပို့နိုင်မှု မရှိတော့တာကြောင့် အရေးတကြီး ဖောက်လုပ်ခဲ့တဲ့ လီဒိုလမ်းမ ကြီးဟာ လက်ရှိအချိန်မှာ တရုတ်နဲ့ အိန္ဒိယအတွက် သန်းပေါင်းထောင်ချီတဲ့ ဈေးကွက်တွေကို အပြန်အလှန် ရှာဖွေနိုင်တဲ့ လမ်းတစ်ခု ဖြစ်လာနိုင်ပါတယ်။ တရုတ်နိုင်ငံအတွက်ဆို အမေရိကန်ကြောင့် ပြိုကျသွားတဲ့ အနောက်နိုင်ငံတွေရဲ့ ဈေးကွက်နဲ့ အမေရိကန်ဈေးကွက်အစား အိန္ဒိယနိုင်ငံဆီကို ဈေးကွက်သစ်ချဲ့ထွင်နိုင် မှာဖြစ်သလို အိန္ဒိယနိုင်ငံအတွက်ဆို သန်းပေါင်းထောင်ချီတဲ့ တရုတ်ဈေးကွက်ကို ထိုးဖောက်နိုင်မယ့် အခြေ အနေပါ။ မြန်မာနိုင်ငံအနေနဲ့ဆိုရင်လည်း တရုတ်နဲ့ အိန္ဒိယဆိုတဲ့ ကမ္ဘာ့လူဦးရေရဲ့ ရာခိုင်နှုန်း ၄၀ လောက်ရှိတဲ့ နိုင်ငံကြီးနှစ်ခုကို ဈေးကွက်တိုးချဲ့ဖို့ မျှော်မှန်းပြင်ဆင်နိုင်မှာဖြစ်ပါတယ်။

အိန္ဒိယရဲ့ အရှေ့မျှော်မူဝါဒ (India Act East Policy) အရ မြန်မာနိုင်ငံဟာ အရှေ့အာရှနဲ့ အရှေ့တောင်အာရှ ဒေသနှစ်ခုစလုံးအတွက် တံခါးပေါက်ဖြစ်သလို တရုတ်နိုင်ငံကိုလည်း သူမြှုပ်နှံထားတဲ့ ကုလားတန် စီမံကိန်းကြောင့် Power Balance လုပ်နိုင်တဲ့ အားသာချက် ရလာမှာဖြစ်ပါတယ်။ နှစ်နိုင်ငံဆက်ဆံရေး အခြေအနေကို ပြန်ကြည့်မယ်ဆိုရင် အိန္ဒိယနိုင်ငံဟာ ရခိုင်ပြည်နယ် ဖွံ့ဖြိုးရေးအတွက် ငွေကြေးကူညီမှုပြုနေသလို စစ်လက်နက်အချို့ ထောက်ပံ့နေတာကိုလည်း တွေ့ရမှာဖြစ်ပါတယ်။ ဒါကို ကြည့်ခြင်းအားဖြင့် အိန္ဒိယနိုင်ငံကလည်း သူ့စီမံကိန်းရှိနေတဲ့ နေရာတွေဘက်မှာ တိုက်ပွဲဖြစ်မှု မလိုလားတာနဲ့ စီမံကိန်းလုံခြုံရေးအတွက် မြန်မာအစိုးရနဲ့ တပ်မတော်က လုပ်ဆောင်ပေးဖို့ ထောက်ခံတာကို မြင်ရမှာပါ။
■ AA ဟာ ကုလားတန်မြစ်ကြောင်း ဘက်စုံသုံးစီမံကိန်းကို မလိုလားသူလား

တရုတ်နိုင်ငံရဲ့ ရေနံနဲ့ သဘာဝ ဓာတ်ငွေ့ပိုက်လိုင်းစီမံကိန်းကို မြန်မာအစိုးရက ကာကွယ်စောင့်ရှောက်ပေးဖို့ တာဝန်ရှိသလို အိန္ဒိယနိုင်ငံရဲ့ ကုလားတန်မြစ်ကြောင်း ဘက်စုံသုံးစီမံကိန်းကိုလည်း ကာကွယ်ပေးဖို့ တာဝန်ရှိပါတယ်။ တရုတ်၊ အိန္ဒိယတင်မဟုတ်ဘဲ ကိုရီးယား၊ ဂျပန်၊ အမေရိကန်၊ ဗြိတိန်၊ ပြင်သစ် စတဲ့ မြန်မာနိုင်ငံဆီကို လာရောက်မြှုပ်နှံတဲ့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု အားလုံးကိုလည်း ကာကွယ်ပေးဖို့ မြန်မာအစိုးရမှာ တာဝန်ရှိပါတယ်။ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေ ကို ကာကွယ်ပေးဖို့ တာဝန်ရှိတဲ့ မြန်မာအစိုးရကိုယ်စား တပ်မတော် က လုံခြုံရေးယူပေးရတာကိုလည်း တွေ့ရမှာဖြစ်ပါတယ်။
၂၀၁၈ ခုနှစ်အတွင်းမှာ AA နဲ့ တပ်မတော်အကြား ထိတွေ့မှုဖြစ်ပွားချိန်တွေမှာ မြန်မာ၊ အိန္ဒိယ၊ ဘင်္ဂလားဒေ့ရှ် သုံးနိုင်ငံ နယ်စပ် မျဉ်းအနီး ဆောင်ရွက်နေသည့် ကုလားတန်မြစ်ဝှမ်း ဖွံ့ဖြိုးရေးစီမံကိန်း အား နှောင့်ယှက်ဖျက်ဆီးလိုခြင်း၊ နယ်စပ်ခြံစည်းရိုးကာရံခြင်း လုပ်ငန်းလုပ်ဆောင်မှုများကို နှောင့် ယှက်ဖျက်ဆီးလိုခြင်းနှင့် သုံးနိုင်ငံ နယ်စပ်ဒေသမတည်ငြိမ်အောင် စသည့် ရည်ရွယ်ချက်များဖြင့် AA လက် နက်ကိုင်အဖွဲ့က မကြာခဏ နှောင့်ယှက် ပစ်ခတ်နေတယ်လို့ တပ်မတော်ဘက်က ထုတ်ပြန်တာ တွေကို တွေ့ရပါတယ်။


တစ်ဖက်မှာလည်း တပ်မတော်ဟာ မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် နယ်မြေ၊ အရှေ့မြောက်တိုင်းစစ် ဌာနချုပ်နယ်မြေ၊ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်နယ်မြေ၊ အရှေ့အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်နယ်မြေနဲ့ တြိဂံဒေသတိုင်းစစ်ဌာနချုပ်နယ်မြေတွေမှာရှိတဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေနဲ့ ညှိနှိုင်း ဆွေးနွေးဖို့ စစ်ရေးဆိုင်ရာလှုပ်ရှားမှုတွေ အားလုံးကို လေးလကြာ ရပ်ဆိုင်းပေးမယ်လို့ ကြေညာထားပေမဲ့ ရခိုင်ပြည်နယ်ပါဝင်တဲ့ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်နယ်မြေကိုတော့ ARSA အကြမ်းဖက်အဖွဲ့ ရှိနေတာကြောင့် စစ်ရေးလှုပ်ရှားမှု ရပ်ဆိုင်းတဲ့အထဲ မပါတာလို့ ဖြေကြားထားပါတယ်။ ဒီလိုအချိန်မှာပဲ ပလက်ဝဘက် လှုပ်ရှားနေတဲ့ AA နဲ့ တပ်မတော်ဟာ ရခိုင်ပြည်နယ်ဘက်မှာ ထိတွေ့တိုက်ပွဲတွေဖြစ်လာပြီး ပြည်သူထောင်ပေါင်းများစွာ စစ်ဘေးရှောင်ခဲ့ရတဲ့ အခြေအနေဖြစ်လာသလို အဆိုးဆုံးအခြေအနေက ARSA အကြမ်းဖက်အဖွဲ့ တိုက်ခိုက်သလိုမျိုး လက်နက်လူသူ မမျှတဲ့အပြင် ရခိုင်ပြည်သူတွေကို ဘင်္ဂါလီအကြမ်းဖက် ARSA လုပ် ကြံသတ်ဖြတ်မှုမခံရအောင် ကာကွယ်ပေးနေတဲ့ နယ်မြေရဲကင်းလေးခုကို AA က ၀င်စီးနင်းတိုက် ခိုက်ခဲ့တာပါပဲ။
AA ဟာ ရခိုင်ပြည်သူတွေအတွက် တိုက်ပွဲဝင်နေတယ်ဆိုရင် ကုလားတန်မြစ်ကြောင်း ဘက်စုံ သုံးစီမံကိန်းကို ပျက်ပြားအောင် လုပ်နေဖို့မလိုသလို ရခိုင်ပြည်သူတွေကို ဘင်္ဂါလီအကြမ်းဖက် ARSA လုပ်ကြံသတ်ဖြတ်မှုမခံရ အောင် ကာကွယ်ပေးနေတဲ့ နယ်မြေရဲကင်းတွေကို ၀င်ပြီးတော့ တိုက်ခိုက်စရာလည်း မလိုအပ်ပါဘူး။ ဒါပေမဲ့ AA ကတော့ ကုလားတန်စီမံကိန်း နှောင့်နှေးအောင် လုပ်နေသလို ရခိုင်ပြည်သူတွေကို လုံခြုံမှုပေးနေတဲ့ ရဲကင်းတွေကို စီးနင်းပြီး ရဲတပ်ဖွဲ့ဝင် ၁၃ ဦးကျဆုံး၊ ကိုးဦးဒဏ်ရာရအောင် Proxy War တစ်ခု ဖန်တီးခဲ့ပါတယ်။ ဒီလို ဖန်တီးမှုမှာ ဘယ်လိုနိုင်ငံတွေရဲ့ အားပေးထောက်ပံ့မှုတွေနဲ့ ဘယ်လိုလက်နက်ကိုင်အဖွဲ့အစည်းတွေနဲ့ ပူးပေါင်းတိုက်ခိုက်မှုတွေ ရှိနေလဲဆိုတာ မေးခွန်းထုတ်စရာ ဖြစ်လာပါတယ်။
AA က တိုက်ခိုက်တဲ့ ကာလကို ကြည့်မယ်ဆိုရင်လည်း ၂၀၁၈ ခုနှစ် ဒီဇင်ဘာလအတွင်းမှာ မြန်မာနိုင်ငံဆီကို အိန္ဒိယသမ္မတ ရှရီရမ်နက်သ်ကိုဗင့်ဒ်လာရောက်ပြီး မြန်မာနိုင်ငံရဲ့ ငြိမ်းချမ်းရေးနဲ့ တည်ငြိမ် အေးချမ်းရေးဟာ အိန္ဒိယနိုင်ငံရဲ့ အကျိုးစီးပွားနဲ့ ထပ်တူကျနေပြီး ကုလားတန်မြစ်ကြောင်း ဘက်စုံသုံးစီမံကိန်းအတွက် စစ်တွေနဲ့ ပလက်ဝစီမံကိန်းတွေမှာ ဆိပ်ကမ်းလုပ်ငန်း စီမံခန့်ခွဲရေး နိုင်ငံတကာကုမ္ပဏီ ခန့်အပ်ဖို့ MoU ထိုးပြီးချင်း၊ ရခိုင်နဲ့ အိန္ဒိယကို ကုန်းလမ်း၊ ရေလမ်း လမ်းနှစ်သွယ်ကနေသွားဖို့ သဘောတူပြီးချိန်မှ တိုက်ပွဲတွေဖြစ်လာတာကို တွေ့ရပါတယ်။


အနှစ်ချုပ်အနေနဲ့ ပြောရမယ်ဆိုရင် ကုလားတန်မြစ်ကြောင်း ဘက်စုံသုံးစီမံကိန်းဟာ ဆင်းရဲ နွမ်းပါးတဲ့ ရခိုင်ပြည်နယ်နဲ့ ချင်းပြည်နယ်ဖွံ့ဖြိုးတိုးတက်ရေးအတွက် အဓိကကျတဲ့ စီမံကိန်းဖြစ်သလို ဒီဒေသတွေ ဖွံ့ဖြိုးရေးလုပ်ဆောင်နေမှုကို ဖျက်လိုဖျက်ဆီး လုပ်နေတဲ့ AA နဲ့ တပ်မတော်ဟာ ထိတွေ့တိုက်ပွဲတွေ စဉ်ဆက်မပြတ် ဖြစ်နေဦးမှာပါ။ ကုလားတန်စီမံကိန်း မအောင်မြင်အောင် AA ဟာ သူ့ကိုထောက်ပံ့ပေးနေတဲ့ နိုင်ငံတွေနဲ့ လက်နက်ကိုင်အဖွဲ့အစည်းတွေရဲ့ မျက်နှာချည်း ကြည့်ဖို့မလိုဘဲ ချင်းနဲ့ ရခိုင်ပြည်သူတွေရဲ့ မျက် နှာကိုကြည့်ပြီး ကုလားတန်စီမံကိန်းပျက်စီးဖို့ကို နိုင်ငံရေးရည်မှန်းချက်အဖြစ် ရှုမြင်ထားရင် ဒီရှုမြင်နေမှုကို ဖျက်သိမ်းဖို့ လိုအပ်ပါတယ်။
တစ်ဖက်မှာလည်း အမေရိကန်နဲ့ OIC နိုင်ငံတွေရဲ့ ဖိအားကြောင့် တရုတ်ကို မှီခိုပြီး ရပ်တည်နေရတဲ့ မြန်မာနိုင်ငံကလည်း တရုတ်နိုင်ငံတစ်ခုကိုပဲ အားထားနေရမယ့်အစား ဂျပန်၊ ကိုရီးယား၊ အာ ဆီယံနိုင်ငံတွေအပြင် အိန္ဒိယနိုင်ငံနဲ့ လည်း မဟာဗျုဟာမြောက် ဆက်ဆံရေးတစ်ခုချမှတ်ပြီး ရခိုင်ပြည်နယ်နဲ့ ချင်းပြည်နယ်ဖွံ့ဖြိုးတိုးတက်ရေးသာမက တရုတ်ရဲ့ကြီးစိုးမှုကို ပါ ထိန်းချုပ်နိုင်အောင် နိုင်ငံရေး ဆိုင်ရာထီးရိပ်တစ်ခုကို အိန္ဒိယဆီကနေရ ယူနိုင်မယ့် မဟာဗျုဟာ မြောက်စီမံကိန်းတစ်ခုကိုလည်း မြန်မာအစိုးရကချမှတ်ဖို့ လိုအပ်ပါ တယ်။

ရခိုင်ပြည်နယ်ဟာ မြန်မာနိုင်ငံရဲ့ အနာဂတ်ဖြစ်သလို တရုတ် နိုင်ငံရဲ့ ပင်လယ်နှစ်စင်းထွက်ပေါက်၊ BRI (Belt and Road Initiative) ရဲ့ အဓိကလမ်းကြောင်းလည်း ဖြစ်ပါတယ်။ တစ်ဖက်မှာလည်း တရုတ်ကိုချိန်ညှိဖို့ စောင့်ကြည့်နေတဲ့ အမေရိကန်နဲ့ ဘင်္ဂလားဒေ့ရှ်အပေါ် အုပ်စီးလာမယ့် တရုတ်ခြေလှမ်းကို စောင့်ကြည့်ချင်တဲ့ အိန္ဒိယနိုင်ငံ ၊ နယ်မြေခွဲထွက်ခွင့်အတွက် လှုပ်ရှားနေတဲ့ OIC နိုင်ငံ တွေနဲ့ ARSA ရှိနေပါတယ်။ ဒီလို ရှိနေတဲ့ ရခိုင်ပြည်နယ်အတွက် မြန်မာနိုင်ငံဟာ ဘင်္ဂလားဒေ့ရှ်အပေါ် သြဇာရှိတဲ့ တရုတ်၊ အိန္ဒိယနိုင်ငံတွေနဲ့ မဟာဗျူဟာမြောက် ဆက်ဆံရေးထူထောင်နိုင်ဖို့ဟာ မြန်မာနိုင်ငံအတွက် အရေးကြီးတဲ့ လုပ်ငန်းစဉ်ဖြစ်ပြီး နိုင်ငံ့အနာဂတ်စီမံကိန်းတွေရှိနေတဲ့ ရခိုင်ပြည်နယ်မှာ AA နဲ့ ARSA ဟာ ခြေကုပ်ယူ တိုက်ပွဲတွေဖန်တီးနေတာဟာ လုံးဝ လက်ခံလို့မရတဲ့ အခြေအနေဆိုတာ ပြည်သူအားလုံးသိဖို့ လိုအပ်ပါတယ်။  

ရခိုင်တွေ စဉ်​စား​ပေါ့


AA ကို ၈၀% ကျော်က ထောက်ခံတယ်ဆိုပဲ လေနဲ့ဝမ်းမကွဲရှာသေးဘူး
=====================================
ဦးထွန်းမြင့် (မာန်အောင်)

ကိုသုလင်းဝေ

အဲ့ ပညာတတ် အရာရှိကြီးတွေလုပ်ပြီး
စာရေးနေတဲ့ ပညာတတ်တွေတော့ကျတော်နဲ့တည့်တယ်

သူ့လူတွေကို .....သူတို့ပြောတာက

#ဦးထွန်းမြင့်ပြောတာ ရှင်းတယ်
မင်းတို့ကောင်တွေကွာ ၁၇ မြို့လောက်ပဲနေချင်တာလား
မြို့နယ် ၃၃၀ အကျယ်ကြီးမှာ မနေချင်ဘူးလားတဲ့
ရန်ကုန်က နေလို့ကောင်းတယ်တဲ့

#ကိုကြီးသုပြောတာက
တော်လှန်ရေးအောင်ပြီးရင်ရခိုင်တွေအနေနဲ့ ဘင်္ဂလားနဲ့ မဟာမိတ်လုပ်မလား
ဗမာနဲ့ မဟာမိတ်လုပ်မလားတဲ့...

တော်ရုံရခိုင်မဖြေနိုင်ကြဘူးရယ်

သူ့စကားကို အကျယ်ချဲ့ရရင်

ဗမာကလည်း ရခိုင်ကို မြန်မာပြည်ကခွဲထွက်ခွင့်ရနိုင်လောက်အောင်
မြို့ကြီးတွေကိုAA သိမ်းပြီးပြီ ပြည်သူကလည်း AA ကိုကြိုနေပြီလို့တွေးပါ

အဖရခိုင်ပြည်ကြီး မှာ ငါတို့နေနေပြီ
စိတ်ထဲစဉ်းစားကြည့်ကြစမ်း.....
မကြာတော့မယ့်အချိန်မှာ လွတ်လပ်ရေးရတော့မယ် စိတ်ကူးယဉ်ကြည့်စမ်း

ပီတိတွေဖြစ်လား....?
မဖြစ်ဘူးလား ?
ဖြစ်မှာပေါ့ရခိုင်သားအတော်များများက ဒါရခိုင့်အိပ်မက်လို့ မှတ်ယူထားတာလေ
ဒါလိုချင်လို့ AA က လည်းတိုက်ပွဲဝင်မြို့နေတောနေလူတွေကလည်းထောက်ခံ

ကဲ....ဟိုဟာလုပ်မယ်
ဒီဟာလုပ်မယ် တိုးတက်အောင်လုပ်မယ်
အဲ့တာတွေ စဉ်းစားတာထက်နိုင်ငံတနိုင်ငံဖြစ်လာရင်
အိမ်နီးချင်းတွေရှိပြီ....
နိုင်ငံတနိုင်ငံဖြစ်လာရင်မိတ်ဆွေနိုင်ငံ ရန်သူနိုင်ငံ ရှိပြီ

ခြံလုံအောင်အရင်ကာရမယ်

ဒီတော့......
ဘာသာမတူ လူမျိုးမတူ သာရင်သာသလို
ရခိုင်တွေကို အနိုင်ကျင့်ခဲ့တဲ့ ဘင်္ဂလားနဲ့ မဟာမိတ်လုပ်မလား?

စဉ်းစားနော်....

၁၉၄၂ ဒုတိယကမ္ဘာစစ် မှာ
ကလေးလူကြီး ရခိုင် ၂ သောင်းကျော်ကိုဂျီဟက်လုပ်ခဲ့တယ်
သင်္ဘောကွေ့တို့ အလယ်သံကျော်တို့ရခိုင်ရွာတွေ ရခိုင်တွေမနေရဲလို့
အောက်ကိုဆင်းပြေးရတယ်.....

ဒါမှမဟုတ်
ဘာသာတူတယ် စကားလည်းတူတယ် စကားတူလို့ လူမျိုးတူတယ်
အဲ့လူမျိုး ဗမာနဲ့ မိတ်ဖွဲ့မလား

ဗမာကရော အဲ့အချိန်မိတ်ပြန်ဖွဲ့မလား?
ပြန်တိုက်ဖို့ စိတ်ကူးနေမလား?
ကလားဆိုးတွေကလည်း အခွင့်သာခိုက်ထကြွအုံးမလား?


စစ်မျက်နှာတွေ အများကြီးမဖွင့်ကြပါနဲ့

သူပုန်ဖြစ်ပြီး ကုလသမဂ္ဂ တက်ခွင့်ရပြီး
နေရာရတာဆိုလို့ ယာဆာအာရာဖတ်ပဲရှိတယ်

ဒါတောင် အစ္စရေးကသူ့နေရာဝင်ပြီးသူတို့ကိုမောင်းထုတ်လို့

အခု ကိုယ့်လူမျိုးတွေကိုယ့်ဒေသနေပြီး
ကိုယ့်ဟာကိုယ်လုပ်စားနိုင်ကြတယ်တခြားနေရာလည်းသွားလာလို့ရတယ်
ဘာတွေလိုနေသေးတာလည်း?

ရန်ကုန်မှာ ရခိုင် ၂ သိန်းခွဲကျော်ရှိတယ်
အနည်းဆုံး 10 % က ရန်ကုန်မှာ အိမ်ရှိကြတယ်
ကိုယ်ပိုင် ရခိုင်သားပိုင်တဲ့ ဗမာနယ်ထဲကမြေပေါ့ အလုပ်တွေလုပ်ကြတယ်
စီးပွားတွေဖြစ်ကြတယ် မြန်မာတနိုင်ငံလုံး ဗမာပိုင်နယ်မြေထဲ
ရခိုင် ၅ သိန်းကျော်လောက်ရှိတယ်

ကချင်မှာကျောက်တူးနေတာ သောင်းသိန်းလောက်ရှိသေးတယ်

တချို့ ရခိုင်ဆရာကြီးတွေကပြောသေးတယ်
ဗမာတွေက
ဗမာနိုက်ဇေးရှင်းလုပ်နေတယ်တဲ့ သူဘယ်အချက်ကိုကိုးကားပြီးပြောတာလဲ
ပြောချင်သလိုလျောက်ပြောနေရအောင်
အဲ့ ဒေါက်တာရခိုင်ကြီးက ရူးနေတာလား?

စစ်တွေမြို့မှာအခြေချတဲ့ ဗမာ ၂၀၀၀ မရှိဘူး
စစ်တွေမှာ ဗမာပိုင်အိမ် ၁၀၀ မရှိဘူး
ဆယ်ဂဏန်းတောင် အလွန်ဆုံးပဲငွေပေါလို့ဝယ်တာဖြစ်ရင်ဖြစ်
ရခိုင်မနဲ့ခြားလို့ နေဖို့ဝယ်တာဖြစ်ချင်ဖြစ်မယ်

ဗမာတွေက ရခိုင်ပြည်ထဲ
အုံနဲ့ကျင်းနဲ့တိုးပြီး နေရာတွေယူနေတာလား
ဘင်္ဂလားတွေက ရခိုင်ပြည်ထဲနေရာယူတာလား?

ကျုပ်အမြင်ကတော့ ဗမာနိုက်ဇေးရှင်းမဟုတ်ဘူး
ရခိုင်နိုက်ဇေးရှင်းဖြစ်နေတာ ပြောင်းပြန်မပြောပါနဲ့

ရန်ကုန်မှာ ရခိုင်သားတွေ ရပ်ကွက်တောင်တည်နေကြတာမို့လား
ကျောက်မြောင်းတို့ မင်းလမ်းတို့ ပုလဲတို့သွားကြည့်

မန်းလေးဘုရားကြီးဘေးနားလည်း ရခိုင်ရပ်ကွက်ပဲ
မြဝတီသွားကြည့် ရခိုင်တွေတပုံချည်း
တာချီလိတ်ကြည့်အုံးမလားရှိတာပဲ
မူဆယ်ရောရှိတာပဲ

ရခိုင်က မရှိတာဆိုလို့ ရခိုင်ပိုင်တဲ့
ဘူးသီးတောင်မောင်းတောမှာပဲရှိတယ်
အလယ်သံကျော်တို့ သင်္ဘောကွေ့တို့မှာပဲရှိတယ်

ဘူးသီးတောင်မောင်းတောက တိုင်းရင်းသားအများစုက မြိုသက်ခမီဒိုင်းနက်
ရခိုင်ဒေသနေလူမျိုးတွေ ရခိုင်တွေမရှိသလောက်ရှားတယ်

ကိုယ့်အကြောင်းကိုယ်ပြန်ဆင်ခြင်သုံးသပ်ကြည့်

ဘူးသီးတောင်မောင်းတောဆိုတာရခိုင်အာဏာဇက်မရှိတော့တာ
ဗဆပလခေတ်ထဲကိုးကဗျ

ရခိုင်ပါတီအမတ် ရခိုင်သားက
စူလတန်မာမွတ်တို့ကိုရှုံးတယ်လေ

ဗမာကိုနင်းကန်မုန်းရင်းဘင်္ဂလိနိုက်ဇေးရှင်း ဖြစ်နေတာ
ကံရာဇာကြီးအမျိုးတွေ မသိလိုက်ကြဘူး

ငခူရတို့ သင်္ဘောကွေ့တို့ အလယ်သံကျော်တို့
ကျီးကန်းပြင်တို့ ရှေးရခိုင်တွေမှည့်ခဲ့ရွာတွေမှာ
ဘင်္ဂလီတွေဖြစ်နေတာကို မသိချင်ယောင်မဆောင်ကြပါနဲ့

သိပ်ပြီးသတ္တိကောင်းနေရင်
အစ္စရေးလို ဘိုးဘေးတို့နေရာကို
မရောက်ရောက်အောင်သွားပြီး
ရှိရင်းစွဲ ရွေ့ပြောင်းအခြေချတွေဆီကနေ
ပြန်လုလိုက်လေ

ဗမာပိုင် ထဲက ၅ သိန်း
ကချင်ပိုင် ရှမ်းပိုင် ကရင်ပိုင် ချင်းပိုင်
အဲ့နယ်က ရခိုင်တွေ အစ္စရေးလိုမလုပ်ကြပါဘူး


ဟုတ်တယ်.....ဟုတ်

အဲ့တာကို ဘယ့်နဲ့ကြောင့်
ဘာတွေလျောက်လုပ်နေတာတုန်း ဓာတ်ခဲလေးတွေရေ......

Credit,
Via-Moe Myint.

ကချင်ပြ ည်နယ်က သဲထဲ ငွေသွန်ကြသူများ ....

ပည်သူတဦးအနေနဲ့ ပဲ ပြောပါရစေ ။
၂.၁.၂၀၁၉ နေ့က ဖားကန့်မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးတင့်စိုးနဲ့ ဆယ်ဇင်းကျေးရွာ ရှမ်းနီ နှစ်သစ်ကူးပွဲကို လိုက်သွားခဲ့တယ် ။ တာမခံနဲ့ ဆယ်ဇင်းကြားမှာ ပြည်နယ် အစိုးရ ဘတ်ဂျက်နဲ့ လမ်းခင်းနေတဲ့ ကုမ္မဏီနှစ်ခုကိုတွေ့ခဲ့ရတယ် ။ အခုမိုးရွာအခုပျက်မဲ့ ကျောက်ချောလမ်းတွေကို ဖုန်တထောင်းထောင်းနဲ့ ခင်းနေတာ တွေ့ရတယ် ။အစိုးရက တမိုင်ကို သိန်းနှစ်ထောင်ကျော်ပေးထားတာပါ ။ ခင်ရမှာက ကျောက်ချောလမ်းတဲ့ ။ တကယ့်ဘုရားစူးလမ်းပါဗျာ ။ မယုံရင် ကိုယ်တိုင်သွားကြည့်ကြပါ ။ စာချုပ်ပါ စည်းကမ်းချက်တွေကိုတော့ စာရှည်မှာစိုးလို့ ရေးမပြတော့ပါဘူး ။
လမ်းခင်းထာတဲ့ ပုံစံက ကချင်ပြည်နယ်အစိုးရရဲ့လမ်းပန်းဆက်သွယ်ရေးနဲ့ ဆောက်လုပ်ရေး ဝန်ကြီးဌာနကို အတော်ပိုင်ပုံရတယ် ။ ငါတို့ခင်းချင်သလို ခင်းမယ် ဘယ်ကောင် ဘာလုပ်ရဲလဲ ဆိုတဲ့ အချိုးမျိုး ဖြစ်နေတာကို တွေ့ရတယ် ။ တကယ်ကို ဘယ်သူ့မှ ဂရုမစိုက်တဲ့ အထာနဲ့ ခင်းထားသလိုပဲ ဗျာ ။ လမ်းရဲ့ ကွာလတီဘယ်လောက်ကောင်းသလဲဆိုရင်ပုဆိုးတထည် စိုရုံလောက် မိုးရွာတာနဲ့ ပျက်ပြီသာမှတ်ပါ ။ အဲလောက်ထိ ကွာလတီကောင်းတာပါ။ ကျနော်ပြောတာ မဟုတ်ဘူး ။အဲဒီက ဒေသခံတွေ ပြောတာပါ ။
လမ်းတာဝန် ယူထားတဲ့ ကုမ္မဏီတွေကိုတော့ မပြောတော့ပါဘူး ။ကချင်ပြည်နယ် လမ်းပန်းဝန်ကြီးက ဒီလို လမ်း ကန်ထရိုက်တွေနဲ့ ဘယ်လို ပတ်သက်နေလို့ အရေးမယူတာလဲ ။ ဒါမှမဟုတ် တဖက်လှည့်နဲ့ သူ့ဆွေမျိုးသားချင်း ၊ ပါ့တနာတွေ ထောင်ထားတဲ့ သူ့ကုမ္မဏီတွေလား ၊ ကချင်ပြည်နယ် လမ်းပန်းဝန်ကြီးရဲ့ လမ်းတံတားတွေနဲ့ပတ်သက်တဲ့ တင်ဒါကိစ္စက တခုခုတော့ လွဲနေတယ်လို့ မြင်မိပါသည် ။ နောက်ပြီး ဒီလမ်းတံတားနဲ့ ဆောက်လုပ်ရေး ကိစ္စတွေနဲ့ ပတ်သက်ပြီးတော့ ကချင်ပြည်နယ်အစိုးရဟာ အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်ကို တိုင်ကြားခံထားရတယ်လို့ ကြားရပါတယ် ။
ဘယ်လောက်ထိ အကျည်းတန် ရုပ်ဆိုးသလဲဆိုရင် လမ်းကန်ထရိုက်ပေးလိုက်တဲ့ ကုမ္မဏီ နှစ်ခုမှာလည်း မျှတမှု မရှိပဲ လမ်းပန်းဆက်သွယ်ရေး ဝန်ကြီး အလုပ်မလုပ်ဘူးဆိုတာ အထင်းအရှားတွေ့ရတယ် ။ မြေပြင်အခြေအနေကို ဘာမှ သိပုံမပေါ်ပါဘူး ။ ဒါဟာ ကျုပ်တို့တိုင်းပြည်အတွက် လပြည့်ကျော် ခုနှစ်ရက် ဒီထက်ခက်အုံးမဲ့ အရိပ်လက္ခဏာပါ ။ ကုမ္မဏီတခုကို ပြင်ဘို့မလိုအပ်တဲ့ လမ်းပိုင်းကို ချပေးပြီး ၊ နောက်ကုမ္မဏီတခုကိုကျတော့ တံတားဆောက်ရမဲ့ နေရာတွေ ၊ ရေမြောင်းလုပ်ရမဲ့နေရာတွေ ၊ မိုးတွင်းမှာ ဗွက်တန်းရှည် ဖြစ်နေတဲ့ နေရာတွေ ၊ တောင်တက်တောင်ဆင်းများတဲ့ နေရာတွေကို ချပေးထားပေးတယ် ။ချပေးတဲ့ဘတ်ဂျက်ကျတော့ အတူတူဖြစ်နေတယ် ။ လမ်းကောင်းနေရာကို ရတဲ့ ကုမ္မဏီကလည်း အကြံအဖန်တွေ များလွန်းတော့ နဂိုရှိပြီးသား လမ်းတောင် ပျက်မဲ့အနေအထား ။ မကောင်းတဲ့ လမ်းပိုင်းကို ရတဲ့ ကုမ္မဏီကလည်း ရတဲ့ ဘတ်ဂျက်နဲ့ လောက်အောင် လုပ်တော့ ဘာတခုမှ ကွာလတီမမှီ ။ တော်တော်အကျည်းတန် ရုပ်ဆိုးလွန်းတဲ့ မြင်ကွင်းပါ ။
အဲတော့ အားမနာတမ်းပြောရရင် ခင်ဗျားတို့ ကျုပ်တို့ ပြည်သူအပေါ်မှာ လူပါးဝတာ များသွားပြီလို့ ခံစားရတယ် ။ ကချင်ပြည်နယ် တခွင်လုံးမှာ ချပေးခဲ့တဲ့ လမ်းတံတားဆောက်လုပ်ရေးတွေမှာ လူပြောသူပြောလဲ များခဲ့ပြီ ။ ခုချိန်ထိလဲ မဆင်မခြင် လက်လွတ်စပါယ် လုပ်နေတုံးပဲ ။ ဒါကဘာသဘောလဲ ။ ငါတို့အစိုးရဖြစ်ပြီ ငါတို့လုပ်ချင်သလို လုပ်မယ်ဆိုတဲ့ သဘောမျိုးဖြစ်နေပြီ ။ ကျုပ်တို့ ပြည်သူက ပြောင်းလဲချင်လို့ NLD ကို မဲပေးခဲ့တာပါ ။ အရှက်နဲတဲ့မျက်နှာနဲ့ ပြည်သူ့ဘဏ္ဍာကို ခိုးဝှက်နေတဲ့ လူတွေကို မောင်းထုတ်ချင်လို့ NLD ကို မဲပေးခဲ့တာပါ ။ ခင်ဗျားတို့ တာဝန်ရှိသူတွေ စဉ်းစားပါ ။ ကိုယ့်ရဲ့ စီမံခန့်ခွဲမှုက ဘယ်လောက်အထိ သက်ရောက်မှုတွေ ရှိသွားနိုင်သလဲ ၊ ပြည်သူတွေက ဘယ်လိုထင်မြင်ယူဆသွားနိုင်သလဲ ။ မတတ်လို့ စီမံခန့်ခွဲမှုတခါမှာတာ လက်ခံလို့ရပေမဲ့ လုပ်တိုင်းလွဲနေသလို ဖြစ်နေတာကြီးက သွေးရိုးသားရိုးမှ ဟုတ်ရဲ့လားဆိုတာ စဉ်းစားစရာပါ ။ တိုးတက်တဲ့ IT ခေတ်ကြီးမှာ ခင်ဗျားတို့ ကြိုက်သလို လျှို့ဝှက်လို့ရတယ် ။ ဒါပေမဲ့ Google မှာ Enter တချက်ခေါက်တာနဲ့ ခင်ဗျားတို့ ဘာတွေ လုပ်ထားသလဲ ၊ ဘယ်လိုတွေ ပတ်သက်နေသလဲ ဆိုတာတွေကို ရှာဖွေလို့ ရတဲ့ ခေတ်ကြီးဆိုတာ မမေ့စေချင်ပါ ။ကိုယ့်နိုင်ငံရေး သိက္ခာကို ကိုယ်တိုင် ကာကွယ်ထိန်းသိမ်းစေချင်ပါတယ် ။ နိုင်ငံရေး ဆက်လုပ်အုံးမယ်ဆိုရင်ပေါ့ ။
မတတ်ရင် မတတ်ဘူးလို့ ဝန်ခံလိုက်ပါ ။ပြည်သူ့ဘဏ္ဍာဟာ လူကြီးမင်းတို့ မြေစမ်း ခရမ်းပျိုးပြီး လက်သင့်ရာ စားတော်ချရမဲ့ ပစ္စည်းမဟုတ်ပါဘူး ။ ဗန်းမော် လမ်းပိုင်း ကိစ္စ ၊ ပူတာအို လမ်းပိုင်းကိစ္စ ၊အခု ဆယ်ဇင်း လမ်းပိုင်းကိစ္စ လူကြီးမင်းတို့ ဖြေရှင်းပါ ။ တာဝန်မကျေတဲ့ ကုမ္မဏီတွေကို Black List သွင်းယုံလောက်နဲ့ ပြည်သူက ကျေနပ်ရမှာလား ။ ဆုံးရှုံးသွားတဲ့ ပြည်သူ့ဘဏ္ဍာကို သိက္ခာရှိရှိ ဘယ်လို ဖြေရှင်းပေးမှာလဲ ။အရေးမယူဘူးဆိုရင် ဒါဟာ တိုင်းပြည်ဘဏ္ဍာကို တင်ဒါအောင်တဲ့ ကုမ္မဏီနဲ့ ပေါင်းပြီး အကြံအဖန်ထုတယ်လို့ပဲ ယူဆတယ် ။ဒီကိစ္စတွေ မဖြေရှင်းရင် ၁၀ .၁.၂၀၁၉ ရက်နေ့မနောပွဲကို ရောက်လာမဲ့ နိုင်ငံတော်အတိုင်ပင်ခံကို တရားဝင် မေးရပါလိမ့်မယ် ။ ပြည်သူ့ဘဏ္ဍာကို ယခုလို လုပ်တာဟာ အင်မတန် သိက္ခာမဲ့တဲ့ လုပ်ရပ်လို့ပဲ မြင်ပါတယ် ။ ကချင်ပြည်နယ် အစိုးရရဲ့ ပုံရိပ်ဟာ မျက်နှာပြစရာမရှိအောင်ကို ဖြစ်နေပါပြီ ။ ၂၀၂၀ မှာ မဲထည့်ချင်စိတ်တောင် မရှိလောက်အောင်ပါပဲ ။
စိုင်ကော်လို့ ချုံပေါ်ရောက်တာကို အဟုတ်ကြီးထင်ပြီး ဘဝင်မမြင့်ကြပါနဲ့ ။ မတတ်လို့ မလုပ်ပဲနေရင် မတိုးတက်ပေမဲ့ မဆုံးရှုံးပါဘူး ။ သိသလိုလို တတ်သလိုလို လုပ်တာဟာ ပိုပြီးသိက္ခာကျယုံမျှမက အစိုးရရဲ့ ပုံရိပ်ကိုပါ ထိခိုက်ပါတယ် ။ ပြည်သူ့လွှတ်တော်အမတ်ဦးတင့်စိုးဆိုရင် ခင်းထားတဲ့ လမ်းကို ကြည့်ပြီး စိတ်ဆိုးနေတာများ သနားဘို့ပင်ကောင်းပါတယ် ။ “ ဒါအကြံအဖန် လုပ်ထားတာပဲ ၊ ဒီပုံစံ လုံးဝ လက်မခံနိုင်ဘူး" တဲ့ ။ လမ်းပမ်းဝန်ကြီးက လေးလေးတို့ NLD ကပဲ မဟုတ်လား ။ နဲနဲပါးပါးလဲ ထိန်း ကြပါ့အုံးမျာလို့ပဲ ပြောလိုက်ပါတယ် ။ ဒီအချိုးအတိုင်း ဆက်သွားလို့ကတော့ ၂၀၂၀ မှာ NLD ဆိုရင် No ပါဆိုတဲ့ မဲဆန္ဒရှင်တွေ အများကြီး ထွက်လာမှာ အသေအချာပါပဲ ။ပြည်သူတွေ ယုံကြည်စေချင်ရင် တာဝန်မကျေတဲ့သက်ဆိုင်ရာ ဌာနက ဝန်ကြီးတွေကို လူစားလဲပါ ။ ဒါမှမဟုတ်ဆုံးရှုံးသွားတဲ့ ပြည်သူ့ဘဏ္ဍာအတွက် တာဝန်ယူပေးပါ ။NLD ပါတီကို သမိုင်းသေအောင် လုပ်မှာက ပြည်သူမဟုတ်ဘူး ၊ မီဒီယာမဟုတ်ဘူး လက်ရှိတာဝန်ထမ်းဆောင်နေတဲ့ တာဝန်ရှိသူတွေရဲ့လုပ်ရပ်ကြောင့် ဆိုတာ မမေ့ကြပါနဲ့ ။ ငါ့အစိုးရ လက်ထက်မှာ ငါပါတီက လူတွေကို အရေးယူရင် ပါတီပုံရိပ်ကျလိမ့်မယ် ၊ ၂၀၂၀ မှာ မဲမရပဲ နေလိမ့်မယ်ဆိုပြီ ဦးနှောက်လေဖြတ်နေတဲ့ အတွေးအခေါ်နဲ့ ဒီပုံစံအတိုင်းသွားနေရင်တော့ ၂၀၂၀ အတွက် ၂၀၁၅ အစိုးရ သက်တမ်းကာလ ကချင်ပြည်နယ်မှာ လုပ်ခဲ့တဲ့ လွဲချော်မှုတွေ ၊ ဆုံးရှုံးခဲ့တဲ့ ပြည်သူ့ဘဏ္ဍာတွေအကြောင်း ၊ အဖတ်မတင်တဲ့ လုပ်ငန်းတွေအကြောင်း ပြည်သူသိအောင် ပြောပြရတော့မှာ ဖြစ်ပါတယ် ။ကြားဖြတ်ရွေးကောက်ပွဲက သင်ခန်းစာဆိုတာ မမေ့ပါနဲ့ ။
အောက်ခြေက နယ်မြေခံလွှတ်တော်မတ်တွေခမျာ(ဦးတင့်စိုး ၊ ဦးဒါရှီလဆိုင်း ) ပြည်သူတွေရဲ့ အဆဲခံ ၊ အအော်ခံ အတင်းပြောခံပြီး လုပ်နေပေမဲ့ အဲယားကွန်းထဲက ဝန်ကြီးများက အမြီးအမှောက်မတည့်တဲ့ စီမံခန့်ခွဲမှုတွေလုပ်နေပြီး ယခုလို သဲထဲကို ပြည်သူ့ဘဏ္ဍာတွေ သွန်နေအုံးမယ်ဆိုရင်တော့ “ အစိုးရဆိုတာ အစပဲရိုးတာ " ဆိုတဲ့ ဆရာကြီး ဦးအောင်သင်းစကားနဲ့ပဲ ကောက်ချက် ချလိုက်ပါရစေဗျာ ။
ဆက်ရေးပါ့အုံးမယ် ...
သမ္မတနဲ့ နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ်ဆီကိုလည်း ဒီအကြောင်းတွေကို အိတ်ဖွင့်ပေးစာ ရေးပါ့အုံးမယ် ။






ဇ်ာမိုးထက်( ဖားကန့် )

ဓါတ်ပုံ-ပြည်သူ့လွှတ်တော်အမတ်ကြီး ဦးတင့်စိုးနဲ့အတူ ကိုယ်တိုင်ရိုက်ထားပါသည် ။

Monday, January 7, 2019

နည်းပညာတက္ကသိုလ်အသီးသီးရှိကျောင်းသားသမဂ္ဂများ၏ အင်ဂျင်နီယာကောင်စီ ဥပဒေအပေါ် ထုတ်ပြန်ချက်

နည်းပညာတက္ကသိုလ်အသီးသီးရှိကျောင်းသားသမဂ္ဂများ၏  အင်ဂျင်နီယာကောင်စီ ဥပဒေအပေါ် ထုတ်ပြန်ချက် 


တက္ကသိုလ်ရိပ်သာလမ်း ခြံအမှတ် ၅၄ အမွေကိစ္စအတွက် နိုင်ငံရေးပါတီအချို့နှင့် ဦးအောင်ဆန်းဦး (ဗိုလ်ချုပ်အောင်ဆန်း၏ သားကြီး) တွေ့ဆုံ


---- ------ ----- ------------------- -----
အကောင်းဆုံး ရပ်တည်ချက်ကို ပြသမည်ဟု မြန်မာအမျိုးသား
ကွန်ကရက်ပါတီ ဥက္ကဋ္ဌ ဦးကောင်းမြတ်ထွဋ်ဆို
---- ------ ----- ------------------- -----
ဗိုလ်ချုပ်အောင်ဆန်းနှင့်ဒေါ်ခင်ကြည်တို့ ၏သားကြီးဖြစ်သူ၊ ဦးအောင်ဆန်းဦး သည် ယနေ့  (ဇန်နဝါရီ ၅ ရက်နေ့ ) နံနက်က နေပြည်တော်ရှိ Mandalay Paradise တွင် နိုင်ငံရေးပါတီအချို့ နှင့် တွေ့ဆုံပြီး ခြံအမှတ် ၅၄ အမွေ ကိစ္စ အတွက် ဆွေးနွေးခဲ့ကြောင်း သိရသည်။
ခြံအမှတ် ၅၄ အတွက် အမွေခွဲဝေမှု့ ဆိုင်ရာ အပြီးသတ်အမိန့် ကို
ရန်ကုန် အနောက်ပိုင်းခရိုင်တရားရုံးမှ၂၀၁၆ ခုနှစ်နိုဝင်ဘာလအတွင်း ချမှတ်ခဲ့ပြီးဖြစ်သည်။ အဆိုပါအမိန့် တွင် ဒေါ်ခင်ကြည် အမည်ပေါက်သည့်ခြံမှ “ မြေအကျယ်အ၀န်း ၁ ဒသမ ၉၂၃ ဧက၊ နှစ်ထပ်တိုက်နှင့် မြေတစ်ဝက်ကို ဒေါ်အောင်ဆန်းစုကြည်” ၊ “တစ်ထပ်တိုက်နှင့် မြေတစ်ဝက်ကို ဦးအောင်ဆန်းဦး” ခွဲဝေယူရန် အပြီးသတ်အမိန့်ချခဲ့ခြင်းဖြစ်သည်။ သို့ သော် ဦးအောင်ဆန်းဦးက မကျေနပ်သည့်အတွက် ခြံအမှတ် ၅၄ကို လေလံတင်ရောင်းချ၍ ညီမဖြစ်သူ ဒေါ်အောင်ဆန်းစုကြည် နှင့် တစ်ယောက်တစ်ဝက်ခွဲဝေယူရန် ၂၀၁၈ အောက်တိုဘာ ၁၆ က အထူးအယူခံဝင်လျှောက်ထားခဲ့သည်။
ဦးအောင်ဆန်းဦ၏အထူးအယူခံကိုလည်း နေပြည်တော် ပြည်ထောင်စု တရားလွှတ်တော်ချုပ်က ဒီဇင်ဘာ ၁၂ ရက်နေ့က ပယ်ချလိုက်ပြီးနောက် တစ်လ မပြည့်မီအချိန်အတွင်း ခြံအမှတ် ၅၄ အတွက် နိုင်ငံရေးပါတီအချို့ နှင့် တွေ့ ဆုံ ဆွေးနွေးခဲ့ခြင်းလည်းဖြစ်သည်။
ထိုသို့ တွေ့ ဆုံရာတွင် ခြံအမှတ် ၅၄အမွေခွဲဝေရရှိမှုနှင့် ပတ်သက်ပြီး ဦးအောင်ဆန်းဦးက နိုင်ငံရေးပါတီများကိုရှင်းပြခဲ့လို အထူးအယူခံပယ် ချခံရခြင်း အတွက်“လုံးဝ မကျေနပ်ဘူး” ဟုလည်း ပြောကြားခဲ့ကြောင်း သိရသည်။ တွေ့ ဆုံခဲ့သည့် ပါတီများထဲတွင် ပါဝင်သည့် မြန်မာအမျိုးသားကွန်ကရက်ပါတီဥက္ကဋ္ဌ ဦးကောင်းမြတ်ထွဋ်က သေသေချာချာသုံးသပ်၍ တိုင်ပင်ဆွေးနွေးသွားမည်ဖြစ်ကြောင်း၊ ၄င်းတို့ နိုင်ငံရေးပါတီများ ဆက်လက် တိုင်ပင်ကာ အကောင်းဆုံးရပ်တည်ချက်ကို ပြကြ
မည်ဖြစ်ကြောင်း ပြောကြားခဲ့သည်ဟု သိရသည်။
ဦးအောင်ဆန်းဦးနှင့်ယနေ့  (ဇန်နဝါရီ ၅ ရက်နေ့ )တွေ့ ဆုံဆွေးနွေးပွဲသို့  ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ၊အမျိုးသားတိုးတက်ရေးပါတီ၊ မတူကွဲပြားခြင်းနှင့်ငြိမ်းချမ်းရေးပါတီ၊မြန်မာအမျိုးသားကွန်ကရက်ပါတီ၊ ခေတ်သစ်ပြည်ထောင်စုပါတီ၊ အမျိုးသားဒီမိုကရေစီပါတီသစ်၊ မြန်မာပြည်သူ့ဒီမိုကရက်တစ်ပါတီမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

Sunday, January 6, 2019

ဖာပွန်ခရိုင်အတွင်း ကျေးလက်ဒေသဖွံ့ဖြိုးရေး၊ လမ်းကြောင်းပြုပြင်ထိန်းသိမ်းရေး လုပ်ငန်းများ ဆောင်ရွက်နေသည့် စက်ယန္တရားများ မိုင်းထောင်ဖျက်ဆီးခံရ


နေပြည်တော် ဇန်န၀ါရီ ၅

ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်၊ ဖာပွန်မြို့အတွင်း၌ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး၊ လမ်းပန်း ဆက်သွယ်မှုကောင်းမွန်စေရေး၊ စီးပွားရေးဖွံ့ဖြိုးတိုးတက်စေရေး၊ လူမှုဘ၀ဖွံ့ဖြိုးတိုးတက်ရေးနှင့် နယ်မြေခံလုံခြုံရေးတပ်ဖွဲ့ဝင်များ၏ ဆက်သွယ်ရေးနှင့် အုပ်ချုပ်မှုကိစ္စရပ်များ ဆောင်ရွက်နိုင်ရန် ရည်ရွယ်၍ ဗျက္ကောပု-ယွန်းစလင်း လမ်းကြောင်းပြုပြင်ထိန်းသိမ်းခြင်း လုပ်ငန်းများဆောင်ရွက် သွားမည်ဟု၂၀၁၉ ခုနှစ်၊ ဇန်န၀ါရီ ၁ ရက်တွင် KNU အဖွဲ့သို့ ဆက်သွယ်အကြောင်းကြားပြီးဖြစ်သည်။
ထိုသို့ဆက်သွယ်အကြောင်းကြားခဲ့ပြီးနောက် လမ်းကြောင်းပြုပြင်ထိန်းသိမ်းခြင်းလုပ်ငန်းများအား စတင်ဆောင်ရွက်ခဲ့ရာ ၂၀၁၉ ခုနှစ်၊ ဇန်န၀ါရီ ၄ ရက် နံနက် ၁၀ နာရီခန့်တွင် ဘော်စဲခိုကျေးရွာ၏ အရှေ့ဘက် ၃ မိုင် ၄ ဖာလုံခန့်၌ လမ်းဖောက်လုပ်လျက်ရှိသောတပ်ဖွဲ့ဝင်များနှင့် လုံခြုံရေး တပ်ဖွဲ့ဝင်များအား KNU အဖွဲ့မှ အင်အား ၁၄ ဦးခန့်မှ လမ်း၏ ၀ဲ/ယာဘက်မှ လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် လာရောက်နှောင့်ယှက်ပစ်ခတ်ခဲ့သည်။
ထို့ပြင် လမ်းကြောင်းဖောက်လုပ်ရာတစ်လျှောက်၌ မိုင်းရှင်းလင်းခြင်းလုပ်ငန်းများဆောင်ရွက်ခဲ့ရာ ဘော်စဲခိုကျေးရွာ၏အရှေ့ဘက် ၃ မိုင် ၂ ဖာလုံခန့်တွင် KNU အဖွဲ့မှထောင်ထားသော နင်းမိုင်း လေးလုံးတို့အားတွေ့ရှိသဖြင့် လမ်းဖောက်လုပ်ရေးအဖွဲ့ဝင်များနှင့် ဒေသခံပြည်သူများ ဘေးအန္တရာယ် မဖြစ်စေရေးအတွက် စနစ်တကျဖောက်ခွဲဖျက်ဆီးခဲ့သည်။
၎င်းအပြင် ဇန်န၀ါရီ ၅ ရက်၌လည်း လမ်းဖောက်လုပ်ရေးလုပ်ငန်းများဆောင်ရွက်နေသော မြေထိုးစက်ယာဉ်အား ဘော်စဲခိုကျေးရွာ၏အရှေ့ဘက် ၄ မိုင် ၄ ဖာလုံခန့်အကွာ၌ မိုင်းထောင် ဖောက်ခွဲခြင်း ထပ်မံပြုလုပ်ခဲ့သဖြင့် ယာဉ်အစိတ်အပိုင်းများ ပျက်စီးခဲ့ရသည်။
KNU အဖွဲ့အနေဖြင့် နယ်မြေဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများဆောင်ရွက်နေသည့် တပ်မတော် စစ်ကြောင်းများအား ယခုကဲ့သို့နှောင့်ယှက်ပစ်ခတ်မှုများဆောင်ရွက်လာသည့်အတွက် ဖြစ်စဉ်များတွင် မိမိဘက်မှ မလွှဲသာမရှောင်သာ ပြန်လည်ပစ်ခတ်မှုများရှိခဲ့ကြောင်း သတင်းရရှိသည်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး

နိုင်ငံရေးပါတီအချို့နှင့် ဦးအောင်ဆန်းဦး အမွေကိစ္စ တွေ့ဆုံ

ဗိုလ်ချုပ်အောင်ဆန်းရဲ့ သားကြီးဖြစ်သူ ဦးအောင်ဆန်းဦးဟာ နိုင်ငံရေးပါတီအချို့နဲ့ တွေ့ဆုံပြီး ရန်ကုန်မြို့ တက္ကသိုလ်ရိပ်သာလမ်းက နေအိမ်အမွေကိစ္စ တွေ့ဆုံခဲ့ပါတယ်။

ဦးအောင်ဆန်းဦးဟာ ဇန်နဝါရီ ၅ ရက်နေ့က နေပြည်တော် ဧရာဝတီလမ်းမပေါ်မှာရှိတဲ့ Mandalay Paradise မှာ နိုင်ငံရေး ပါတီအချို့နဲ့ တွေ့ဆုံဆွေးနွေးခဲ့တာပါ။
ရန်ကုန်မြို တက္ကသိုလ် ရိပ်သာလမ်းမှာရှိတဲ့ ခြံအမှတ် ၅၄ အမွေခွဲဝေရရှိမှုနဲ့ ပတ်သက်ပြီး နိုင်ငံရေးပါတီတွေကို ရှင်းပြခဲ့ပြီး အထူးအယူခံဝင်ခဲ့ပေမယ့် ပယ်ချခံရတဲ့အပေါ် လုံးဝ မကျေနပ်ဘူးလို့ ဦးအောင်ဆန်းဦးက ပြောဆိုခဲ့ပါတယ်။
“နိုင်ငံရေးအဖွဲ့အစည်းက သူ့အလုပ်သူလုပ်၊ ကျနော့်ဘာသာ ကျနော် ပုဂံအိမ်မှာ အေးအေးဆေးဆေးနေလို့ ရတယ်။ ဒါပေမယ့် ကျနော်က ဥပဒေကို မှန်မှန်ကန်ကန် မတရား အနိုင်ကျင့်တာတော့ ကုန်းခံပြီးတော့ ခေါင်းငုံ့ခံတဲ့ စိတ်ဓာတ်တော့မရှိဘူး။ တတိုင်းပြည်လုံးအတွက် လူမျိုးအားလုံးအတွက် သူတို့ရရမယ့် အခွင့်အရေးကို အမြန်ဆုံးရလာအောင် စဉ်းစားတတ်ဖို့ လိုတယ်။ ဒီလို အီယောင်ဝါးနဲ့ လုပ်လိုက်၊ ဒီမိုကရေစီစစ်သွားတယ်ဆိုတာ မဟုတ်ဘူး” လို့ ပြောဆိုခဲ့ပါတယ်။
တွေ့ဆုံမှုမှာတော့ မြန်မာအမျိုးသားကွန်ကရက်ပါတီ၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၊ ခေတ်သစ်ပြည်ထောင်စုပါတီ၊ အမျိုးသားဒီမိုကရေစီပါတီသစ်၊ မြန်မာပြည်သူ့ဒီမိုကရက်တစ်ပါတီ၊ အမျိုးသားတိုးတက်ရေးပါတီ၊ မတူကွဲပြားခြင်းနှင့် ငြိမ်းချမ်းရေးပါတီတို့နဲ့ တွေ့ဆုံခဲ့ကြတာပါ။
မြန်မာအမျိုးသားကွန်ကရက်ပါတီ ဥက္ကဋ္ဌ ဦးကောင်းမြတ်ထွဋ်က “အသေအချာ သုံးသပ်ပြီးတော့ ကြားထဲမှာ သေချာတိုင်ပင်ဆွေးနွေးမှုတွေ လုပ်ပါမယ်။ လုပ်ပြီးတော့ ဒီကိစ္စကကလည်း လက်တလော နိုင်ငံရေးပါတီတွေကို အသိပေးတယ်ဆိုတာ မိတ်ဆွေသဘောအရ ပြောတာပါသလို၊ ပြည်သူတွေအတွက် ဘာလုပ်ပေးရမယ်ဆိုတာလဲ ပါသလို၊ နားစွင့်နေတဲ့ နိုင်ငံရေးပါတီတွေရဲ့ ကိစ္စတခု။ ဘယ်လိုလုပ်ရမယ်ဆိုတာ မိမိကိုယ်ကိုယ် ပြန်မေးရမယ့်ကိစ္စတခုလို့မြင်တယ်။ ကျနော်တို့ နိုင်ငံရေးပါတီတွေက ဆက်လက်တိုင်ပင်ပြီး ကျနော်တို့ရဲ့ အကောင်းဆုံးရပ်တည်ချက်ပြကြပါမယ်” လို့ ပြောပါတယ်။
ပြီးခဲ့တဲ့ ၂၀၁၆ ခုနှစ် နိုဝင်ဘာလမှာ ရန်ကုန်အနောက်ပိုင်းခရိုင် တရားရုံးကနေ ရန်ကုန်မြို့ တက္ကသိုလ်ရိပ်သာလမ်းရှိ မိခင်ကြီး ဒေါ်ခင်ကြည် အမည်ပေါက် မြေအကျယ်အ၀န်း ၁ ဒသမ ၉၂၃ ဧက၊ နှစ်ထပ်တိုက်နဲ့ မြေတစ်ဝက်ကို ဒေါ်အောင်ဆန်းစုကြည်၊ တစ်ထပ်တိုက်နဲ့ မြေတစ်ဝက်ကို ဦးအောင်ဆန်းဦးဆိုပြီး တစ် ၀က်စီခွဲဝေဖို့ အပြီးသတ်အမိန့်ချခဲ့ပါတယ်။
ဗိုလ်ချုပ်အောင်ဆန်းရဲ့ သားကြီး ဦးအောင်ဆန်းဦးက ပြီးခဲ့တဲ့နှစ် အောက်တိုဘာ ၁၆ ရက်နေ့မှာ အထူးအယူခံဆက်တင်ပြီး အမှတ် (၅၄) နေအိမ်ကို လေလံတင်ရောင်းချပြီး ရလာတဲ့တန်ဖိုးကို ညီမဖြစ်သူ ဒေါ်အောင်ဆန်းစုကြည်နဲ့ တယောက်တ၀က်ခွဲယူဖို့ လျှောက်ထားခဲ့ပါတယ်။ ဒါပေမယ့် အထူးအယူခံလျှောက်ထားမှုကို ပြီးခဲ့နှစ် ဒီဇင်ဘာ ၁၂ ရက်နေ့မှာ နေပြည်တော် ပြည်ထောင်စုတရားလွှတ်တော်ချုပ်က ထပ်မံပယ်ချခဲ့တာလည်း ဖြစ်ပါတယ်။