လူမျိုးရေးပြဿနာများနှင့် စိတ်ဝမ်းကွဲပြားမှုများ သည် ဒီမိုကရေစီရှင်သန်ရေးအတွက် အတားအဆီးဖြစ်စေသည်ကို သတိပြုရန်လိုကြောင်း နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်က ပြောသည်။
နေပြည်တော်ရှိ လွှတ်တော်အဆောက်အအုံဝင်းအတွင်း ယမန်နေ့က ပြုလုပ်သည့် အပြည်ပြည်ဆိုင်ရာ ဒီမိုကရေစီနေ့ အခမ်းအနားတွင်သမ္မတ ဦးဝင်းမြင့်က ဒီမိုကရေစီနေ့ အထိမ်းအမှတ်မိန့်ခွန်း၌ ထည့်သွင်းပြောကြားခြင်းဖြစ်သည်။ ယင်းမိန့်ခွန်း၌ မြန်မာနိုင်ငံသည် ဒီမိုကရေစီပန်း တိုင်မရောက်သေး၍ ပြည်သူများ ဆက်လက်ပူးပေါင်းပါဝင်ရန် သမ္မတ ဦးဝင်းမြင့်က ခုနစ်ကြိမ်တိုင်တိုက်တွန်းခဲ့သည်။
‘‘ပြည်သူလူထုရဲ့ အသက်၊ သွေး၊ ချွေးနဲ့ ဘဝတွေ ပေးဆပ် ပြီးမှ ခက်ခက်ခဲခဲ ရရှိလာတဲ့ ဒီမို ကရေစီအပင်ပေါက်လေးကို အ ညွန့်ချိုးမခံရအောင် အားလုံးက ဝိုင်းဝန်းပြုစု ပျိုးထောင်စောင့် ရှောက်ကြစေလိုပါတယ်။ ဒီမိုက ရေစီ ရှင်သန်ရေးအတွက် နိုင်ငံ သားအားလုံး ငေးငိုင်မနေကြရန်၊ အလစ်အငိုက်မမိကြရန် အရေး ကြီးလှပါတယ်’’ဟု သမ္မတကပြောသည်။
မြန်မာနိုင်ငံတွင် ဒီမိုကရေစီ ခိုင်မာသောအဆင့်သို့ရောက်ရှိ ရေး ပြည်သူအားလုံး ဆက်လက် ပူးပေါင်းပါဝင်ရန် လိုအပ်နေဆဲ ဖြစ်ပြီး ဒီမိုကရေစီပန်းတိုင် မရောက်သေးသည်ကို သတိပြု ရန်လိုကြောင်း သမ္မတက ဆက်လက်ပြောသည်။ ဒီမိုကရေစီကို အမှန်တကယ်သက်ဝင်ယုံကြည်ပါက အမုန်းစကား၊ အမုန်းတရားများကို ရှောင်ရှား၍ အမျိုးသားပြန်လည်သင့်မြတ်ရေးရှေးရှုရန် တိုက်တွန်းသည်။
‘‘ဒီမိုကရေစီ အသွင်ကူး ပြောင်းရေး ပိုမိုလျင်မြန်စေရန် တိုင်းရင်းသားများအားလုံး ဒီမို ကရေစီဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးအတွက် မရှိ မဖြစ်လိုအပ်တဲ့ ပြည်တွင်းငြိမ်း ချမ်းရေး အမြန်ရရှိရေးမှာလည်း လိုလိုလားလား ပူးပေါင်းဆောင် ရွက်ရန် အထူးလိုအပ်ပါတယ်’’ဟု သမ္မတက ပြောသည်။
ဖွဲ့စည်းပုံ အခြေခံဥပဒေ အပါအဝင် ဥပဒေများကို ရေးဆွဲ ပြဋ္ဌာန်းခြင်း၊ ပြင်ဆင်ခြင်း၊ ဖြည့် စွက်ခြင်းတို့ ပြုလုပ်ရာတွင် ဒီမို ကရေစီနှင့် လူ့အခွင့်အရေး အခြေခံ စံနှုန်းများကို ဖြည့်ဆည်းပေးရန် လိုအပ်ပြီး ဒီမိုကရေစီမျိုးစေ့ကို ပြန်လည်ဖျက်ဆီးမည့်အချက်များ မပါရန် လိုအပ်ကြောင်း ၎င်းက ပြောသည်။
အပြည်ပြည်ဆိုင်ရာ ဒီမိုက ရေစီနေ့ အခမ်းအနားများကို မြန်မာနိုင်ငံတွင် ၂၀၁၁ ကစတင် ကာ နှစ်စဉ်ကျင်းပခဲ့ပြီး ယခုနှစ် တွင် ‘ဒီမိုကရေစီ ရှင်သန်ဖို့ ပူးပေါင်းဆောင်ရွက်ကြပါစို့’ ဆောင်ပုဒ်ဖြင့် ကျင်းပခြင်းဖြစ် သည်။ ထို့အပြင် ယမန်နေ့ အခမ်း အနားသို့ နိုင်ငံတော်၏ အတိုင် ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစု ကြည် တက်ရောက်မိန့်ခွန်း ပြော ကြားသည်။
‘‘ဒီမိုကရေစီရှင်သန်ရေးအ တွက် ပြည်သူ့အင်အားကို မှန်မှန် ကန်ကန် ထိထိရောက်ရောက် အသုံးချရေး ဘယ်လိုဆောင်ရွက် ကြမလဲဆိုတာကို ကျွန်မတို့ စဉ်း စားကြရမှာ ဖြစ်ပါတယ်’’ဟု နိုင်ငံ တော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်က ပြောသည်။
နိုင်ငံတော်သမ္မတနှင့် အ တိုင်ပင်ခံပုဂ္ဂိုလ်တို့ နှစ်ဦးစလုံးက တစ်ဦးလျှင် ၁၀ မိနစ်ခန့်ကြာ မိန့် ခွန်းပြောကြားမှုအတွင်း ဒီမိုကရေ စီစနစ် ရှင်သန်ရေး ပြည်သူတစ် ဦးချင်းက ပူးပေါင်းပါဝင်ပေးရန် တိုက်တွန်းသည်။
‘‘တချို့တွေက ဒီမိုကရေစီ ဆိုတာ ကိုယ်ရဖို့အတွက်လို့ ထင် ကြပါတယ်။ တကယ်တော့ ရဖို့ အတွက်ပဲ စဉ်းစားတာ။ သူများ ဟာ ကိုယ့်ကိုယ်ကိုယ် တန်ဖိုး မထားလို့၊ ပေးဖို့အတွက် စဉ်းစား မှ ကိုယ့်တန်ဖိုးကို ကိုယ်သိတယ် ဆိုတာ သတိချပ်ဖို့လိုပါတယ်’’ဟု အတိုင်ပင်ခံပုဂ္ဂိုလ်က ပြောသည်။
ဒီမိုကရေစီ ယဉ်ကျေးမှုရှင် သန်စေရေး ဆောင်ရွက်ရာတွင် ပြည်သူတစ်ဦးချင်းအနေဖြင့် မိမိ အကျိုးနှင့် အများအကျိုး ချိန်ခွင် လျှာ ညီမျှစွာဖြင့် ပူးပေါင်းပါဝင် ဆောင်ရွက်ပေးရန် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်က ထပ်မံတိုက် တွန်းသည်။
‘‘ပြည်သူ့အင်အားဆိုတာ အားလုံးစုပေါင်းမှ ဖြစ်တာပါ။ တစ်ဦးချင်း၊ တစ်ဦးချင်းမှာ တန်ဖိုး ရှိပါတယ်။ အဲဒီတန်ဖိုးကို မှန်မှန် ကန်ကန် သုံးဖို့လိုပါတယ်။ ကျွန်မ တို့ရဲ့ ပြည်သူ့အင်အားကို ကောင်းမွန်တဲ့ အင်အားဖြစ်အောင် ကြိုး စားစေချင်ပါတယ်’’ဟု ၎င်းက ပြောသည်။
ထို့အပြင် ပြည်ထောင်စုဝန်ကြီးများ၊ လွှတ်တော်ဥက္ကဋ္ဌများနှင့် လွှတ်တော်ကိုယ်စားလှယ်များ၊ နိုင်ငံရေးပါတီများမှ ကိုယ်စားလှယ်များ တက်ရောက်ပြီး စာတမ်းများဖတ်ကြားခဲ့သည်။
Credit - 7 Day Daily
No comments:
Post a Comment