Monday, August 19, 2019

အရပ်သားများကို ပစ်မှတ်ထားတိုက်ခိုက်မှု ရှောင်ကြဉ်ရန် ရှမ်းပြည်နယ်မြောက်ပိုင်းလူမှုအဖွဲ့အစည်းများ တိုက်တွန်း


ကုန်ဈေးနှုန်းထိန်းညှိပေးရန် တောင်းဆို

ရှမ်းပြည်နယ်မြောက် ပိုင်း ပဋိပက္ခအတွင်း အရပ်သား များကို ပစ်မှတ်ထားတိုက်ခိုက် ခြင်းမှ ရှောင်ကြဉ်ရန် လူမှုအဖွဲ့ အစည်း ၁၀ ဖွဲ့ပါဝင်ဖွဲ့စည်းသော ရှမ်းပြည်နယ်မြောက်ပိုင်း လူ သားချင်းစာနာထောက်ထားမှုပူး ပေါင်းဆောင်ရွက်ရေးအဖွဲ့ (HST-NSS) က ယမန်နေ့ တွင် ထုတ်ပြန်တိုက်တွန်းသည်။

သြဂုတ် ၁၉ ရက်က ကျရောက်သည့် ကမ္ဘာ့ လူသားချင်းစာနာထောက်ထားမှု အထိမ်းအမှတ် နေ့တွင် ရှမ်းပြည်နယ်မြောက်ပိုင်း လူသားချင်းစာနာ ထောက်ထားမှု ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (HST - NSS) ၏ သဘောထားထုတ်ပြန်ချက်၌ ယင်းသို့ ထည့်သွင်းတိုက်တွန်းထားသည်။

လက်ရှိတွင် နောင်ချို၊ ကျောက်မဲ၊ သီပေါ၊ လားရှိုး၊ သိန်းနီ၊ ကွတ်ခိုင်၊ ဟိုပန်၊ လောက်ကိုင်နှင့် ကုန်းကြမ်း စသည့်မြို့များ၏ ၀န်းကျင် ကျေးရွာများ ၌ တပ်မတော်နှင့် မြောက်ပိုင်းလက်နက်ကိုင်သုံးဖွဲ့ အကြား စစ်ရေးတင်းမာခြင်းနှင့် တိုက်ပွဲများ ဖြစ်ပွားနေခြင်း ကြောင့် ဒေသခံပြည်သူများ စိုးရိမ်ပူပန်နေကြောင်းနှင့် ဘေးကင်းရာသို့ ထွက်ပြေးတိမ်းရှောင်နေ သည့် စစ်ဘေးရှောင် ၁,၅၀၀ ကျော်တိုးလာကြောင်း ယင်းအဖွဲ့ပြောရေးဆိုခွင့်ရှိသူ ဦးဟောင်းဒေါင်က ပြောသည်။

ထုတ်ပြန်ချက်တွင် အရပ် သားများ ထိခိုက်နစ်နာနေသော မြေမြှုပ်မိုင်းအသုံးပြုခြင်း၊ လက်နက်များ ပရမ်းပတာပစ်ခတ်ခြင်းနှင့် လူ့အခွင့်အရေးချိုးဖောက်မှုများ လုံးဝမပြုလုပ်ရန်နှင့် ပဋိပက္ခအတွင်း ဒုက္ခရောက်နေသောပြည်သူများအား သွားရောက်ကူညီပံ့ပိုးနေသော လူမှုကူညီရေး အသင်းအဖွဲ့များ၊ အရပ်ဘက်အဖွဲ့အစည်းများနှင့် ဒေသခံအဖွဲ့အစည်းများကို နှောင့်ယှက်ခြင်း၊ တိုက်ခိုက်ခြင်းများ မပြုလုပ်ရန်လည်း အကြံပြု တိုက်တွန်းထား သည်။

ထို့အပြင် ပဋိပက္ခကြောင့် ကုန်သွယ်ရေး စီးဆင်းမှု ပြတ် တောက်လာခြင်းအပေါ် ကုန် သည်ကြီးများ၊ လုပ်ငန်းရှင်များက ဈေးနှုန်း အဆမတန်မြှင့်တင်ကာ ကုန်ဈေးနှုန်းမတည်ငြိမ်မှု ဖြစ်ပေါ်စေခြင်း ကိစ္စရပ်များအား သက်ဆိုင်ရာ အစိုးရ၀န်ကြီးဌာနများက ထိရောက်စွာ ထိန်းကျောင်းပေးရန်လည်း တိုက်တွန်းထား သည်။

‘စစ်ပွဲများ ပြင်းထန်လာခြင်း ၏ နောက်ဆက်တွဲ သက်ရောက် မှုများအနေဖြင့် ကုန်ဈေးနှုန်းများ တိုးမြင့်လာခြင်း၊ မြို့တွင်းစိုးရိမ် ချောက်ချားမှုများရှိနေခြင်း၊ ကုန် စည်စီးဆင်းမှု ရပ်တန့်သွားခြင်း၊ အများပြည်သူ လုပ်ငန်းခွင်လုံခြုံ မှုမရှိခြင်းတို့ကြောင့် အသက်မွေး ၀မ်းကျောင်းလုပ်ငန်းများ ရပ်တန့် နေခြင်းနှင့် စိုက်ပျိုးရေးကာလဖြစ် သောကြောင့် စိုက်ပျိုးရေးလုပ် ငန်းများနှောင့်နှေးနေခြင်း စသည့် ထိခိုက်နစ်နာမှုများကို ပြည်သူ များ ခံစားနေရပါသည်’ဟု ထုတ် ပြန်ချက်တွင် ဖော်ပြသည်။

ရှမ်းပြည်နယ် မြောက်ပိုင်း တွင် တပ်မတော်နှင့် တိုင်းရင်း သားလက်နက်ကိုင်များကြား ဖြစ် ပွားသည့် ပြည်တွင်းစစ်ပဋိပက္ခ ကြောင့် ၂၀၁၁ မှ လက်ရှိအချိန် အထိ စစ်ဘေးရှောင်စခန်း ၃၈ ခု တွင် လူဦးရေ ၁၅,၀၀၀ ကျော် အထက် နေထိုင်နေရကြောင်း လည်း HST - NSS ကဆိုသည်။

၂၀၁၈ နှင့် ၂၀၁၉ တွင် ရှမ်း ပြည်နယ်မြောက်ပိုင်း ပဋိပက္ခများ အတွင်း အရပ်သား ၅၃ ဦး မြေ မြှုပ်မိုင်းကြောင့် ထိခိုက်ခဲ့ကာ၊ လက်နက်ကြီးကျည် ထိမှန်ခံရသူ ၃၁ ဦးနှင့် အထက်ရှိပြီး လက်နက်ကိုင်အဖွဲ့များ၏ တပ်သားသစ်စုဆောင်းခံရမှုများ ရှိကြောင်းလည်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။ စစ်ရှောင်များအနေဖြင့် ကာလရှည်ကြာသည်နှင့်အမျှ အသက်မွေးဝမ်းကျောင်းနှင့် လူမှုရေးဆိုင်ရာပြဿနာများ ကြုံတွေ့နေရကြောင်းလည်း HST - NSS ၏ ထုတ်ပြန်ချက်တွင် ဖော်ပြ သည်။

Credit - 7 Day Daily


No comments:

Post a Comment