Monday, May 20, 2019

အောင်ဆန်း စက်မှုလက်မှုအထက်တန်းကျောင်းကို ကန်ဒေါ်လာသန်း ၂ဝ အကုန်ကျခံကာ ဂျပန်- မြန်မာ အောင်ဆန်းသက်မွေးပညာသင်တန်းကျောင်းအဖြစ် အဆင့်မြှင့်တင်မည်

ရန်ကုန်တိုင်းဒေသကြီး အင်းစိန်မြို့နယ် စဥ့်ငူအောင်ဆန်းရပ်ကွက်ရှိ အောင်ဆန်းစက်မှုလက်မှု အထက်တန်း ကျောင်းကို ပြန်လည်အဆင့်မြှင့်တင်ကာ ဂျပန်-မြန်မာ အောင်ဆန်းသက်မွေးပညာသင်တန်းကျောင်းအဖြစ် ဖွင့်လှစ်သွားမည် ဖြစ်ကြောင်း သတင်းရရှိသည်။

အောင်ဆန်း စက်မှုလက်မှု အထက်တန်းကျောင်းကို ပြန်လည်အဆင့်မြှင့်တင်မှုကုန်ကျစရိတ်အတွက် ဂျပန်အစိုးရက အမေရိကန်ဒေါ်လာသန်း ၂ဝ ကူညီမည်ဖြစ်ပြီး ကျောင်း၏လက်ရှိပင်မ အဆောက်အဦအား ဖြိုဖျက်ကာ အဆင့်မြှင့်တင်မည်ဖြစ်ကြောင်း အင်းစိန်းမြို့နယ် အမှတ်(၂) လွှတ်တော်ကိုယ်စားလှယ် ဦးဝေဖြိုးဟန်က ပြောသည်။

အဆိုပါ ကျောင်းအဆင့်မြှင့်တင်မှုစီမံကိန်းကို ၂ဝ၁၉ ခုနှစ် ဒီဇင်ဘာလတွင် စတင်မည်ဖြစ်ပြီး ၂ဝ၂ဝ ပြည့်နှစ် ကုန်ပိုင်း သို့မဟုတ် ၂ဝ၂၁ နှစ်ဆန်းပိုင်းပြီးစီးမည် ဖြစ်ကြောင်း၊ အဆင့်မြှင့်တင်ရာတွင် မူလအဆောက်အအုံ ဟောင်းများနေရာတွင် အသွင်သစ်၊ ဒီဇိုင်းအသစ်ဖြင့် ခေတ်မီကျောင်းဆောင်များ အစားထိုးတည် ဆောက်မည်ဖြစ်ကြောင်း ၎င်းက ပြောသည်။ ''အဲဒီကျောင်းကို အကုန်ပြန် အဆင့်မြှင့်တင်ပြီးတော့ အဆောက်အဦသစ်တွေလည်း အကုန်ပြန်ဆောက်မယ်။အဲလိုဆောက်ပြီးရင် ခေါင်းစဉ်ကလည်း ဂျပန်- မြန်မာ အောင်ဆန်းသက်မွေးပညာ သင်တန်းကျောင်းဆိုပြီး ပြန်ဖွင့်မှာပါ''ဟု ဦးဝေဖြိုးဟန်က ပြောသည်။

ဂျပန်-မြန်မာ အောင်ဆန်းသက်မွေးပညာသင်တန်းကျောင်း ကျောင်းဖွင့်လှစ်မည့်ကာလကို ၂ဝ၁၉ ခုနှစ် ဒီဇင်ဘာလဟု ယာယီသတ်မှတ်ထားပြီး အဆိုပါကျောင်းတွင် မော်တော်ကားနှင့်သက်ဆိုင်သည့် ဘာသာရပ်နှင့် လျှပ်စစ်နှင့်သက်ဆိုင်သည့် ဘာသာရပ်နှစ်ခုကို သင်ကြားမည်ဖြစ်ကာ သင်တန်းကာလမှာ ၃ နှစ်ဖြစ်ကြောင်း သိရသည်။

''အဆင့်မြှင့်တင်မယ့်စီမံကိန်းက ၂ဝ၁၉ ဒီဇင်ဘာလောက်မှာပဲ စလုပ်မှာပါ။ ကျောင်းစဖွင့်ရင်ရှိပြီးသား အဆောင်တွေမှာ စသင်မှာပေါ့။ ပထမနှစ်ကျောင်းသားတွေက မေဂျာ ၁ ခုကို သင်တန်းသား ၄ဝ၊ မေဂျာနှစ်ခု ဖြစ်တဲ့အတွက် ကျောင်းသူ၊ ကျောင်းသားက ၈ဝ ပဲရှိမယ်။ အဲဒီတော့ နိုင်နိုင်နင်းနင်းနဲ့ ပထမနှစ်ကို ၂ဝ၁၉ ဒီဇင်ဘာစဖွင့်မယ်။ ဒီဘက်က စီမံကိန်းကလည်း စပြီးတော့အကောင်အထည်ဖော်ပြီပေါ့။ တတိယနှစ်ရောက် ရင်တော့ ကျောင်းမှာက မေဂျာတခုကို ၄ဝ ဦးနဲ့ ကျောင်းသား ၂၄ဝ ဖြစ်သွားမှာ။ အဆောက်အဦကလည်းပဲ တတိယနှစ်လောက်ဆိုရင် အားလုံးပြီးသလောက် ဖြစ်သွားမှာပါ''ဟု ဦးဝေဖြိုးဟန်က ပြောသည်။

နှစ်ပေါင်း ၆ဝ ကျော်ကြာခဲ့ပြီးဖြစ်သော အင်းစိန်စက်မှုလက်မှုအထက်တန်းကျောင်းကို ၁၉၉၉ ခုနှစ်ကတည်းက ပိတ် ထားကြောင်းသိရသည်။ လက်ရှိအချိန်တွင် ကျောင်းမျက်နှာစာအပါအဝင်အတွင်းပိုင်း၌ အခြေအနေ အတော်ပင် ဆိုးရွားနေကြောင်း သိရသည်။

''ဒီကျောင်းအဆောက်အဦက ကြံ့ခိုင်မှုလည်းသိပ်မရှိတော့ဘူး။ အိုဟောင်းနေပြီ။ အဓိကကတော့ maintenance မရှိခဲ့တာပေါ့။ နှစ်ပေါင်းအတော်ကြာပစ်ထားခဲ့တာဆိုတော့။ အမြဲတမ်းသုံးပြုနေရင်တော့ maintenance ရှိနေတော့ ဒီလောက်အထိ ဆိုးဆိုးဝါးဝါးဖြစ်လာမှာ မဟုတ်ဘူး။ ဒါကြောင့်မို့လို့ ဒါကြီးကို ဖြိုဖျက်ပြီးတော့ အသစ်ပြန်ဆောက်ဖို့လုပ်တာပါ''ဟု ဦးဝေဖြိုးဟန်က ပြောသည်။

ထို့အပြင် ပင်မကျောင်းဆောင်အနောက်ရှိ ဗိုလ်ချုပ်အောင်ဆန်းထိုင်လျက် ကြေးရုပ်တုစိုက်ထူထားသော ပန်းခြံကိုလည်း ဘက်စုံပြန်လည်မွမ်းမံပြင်ဆင်မည် ဖြစ်ကြောင်း၊ ထိုကြေးရုပ်တုမှာလည်း မြန်မာနိုင်ငံတဝန်းလုံး တွင် တခုတည်းရှိကြောင်းသိရပြီး ဗိုလ်ချုပ်အောင်ဆန်းကတော် ဒေါ်ခင်ကြည်ကိုယ်တိုင် ပန္နက်ချခဲ့ကြောင်း သိရသည်။

Credit - News Watch


No comments:

Post a Comment