Monday, May 20, 2019

ဟာသသရုပ်ဆောင်ဇီလန်းစကီး ယူကရိန်းသမ္မတအဖြစ် ကျိမ်းကျိန်

မိမိဘဝတစ်လျှောက် ပြည်သူများရယ်မောရန် ဘာမဆိုကြိုးပမ်းခဲ့ကြောင်း၊ လာမည့်ငါးနှစ်အတွင်း ပြည်သူများ မငိုရရန် ဘာမဆိုလုပ်ဆောင်သွားမည်ဖြစ်ကြောင်း ဟာသသရုပ်ဆောင်အဖြစ်မှ ယူကရိန်းသမ္မတသစ်အဖြစ် ရွေးချယ်ခံခဲ့ရသည့် ရုပ်သံဟာသသရုပ်ဆောင် ဗိုလိုဒီမြာ ဇီလန်းစကီးက သမ္မတအဖြစ် ကျမ်းကျိန်ပြီးနောက် ကတိပေးလိုက်သည်။

၎င်းသမ္မတအဖြစ် ကျမ်းကျိန်သည့်အခမ်းအနားကို အစဉ်အလာအတိုင်း မေ ၂၀ ရက်က ယူကရိန်းလွှတ်တော်တွင် ကျင်းပခဲ့သည်။

အရေးကြီးပုဂ္ဂိုလ်ယာဉ်တန်းဖြင့် ရောက်ရှိလာသည့် ဟာသသရုပ်ဆောင်ဟောင်း သမ္မတသစ်သည် ကိုယ်ရံတော်များခြံရံလျက် လွှတ်တော်အတွင်း လျှောက်လှမ်းဝင်လာစဉ်၎င်းအားထောက်ခံအားပေးသူအချို့နှင့် တွေ့ဆုံခိုက် လက်ဝါးချင်းရိုက်ပြီး ရံဖန်ရံခါ ဆဲလ်ဖီတွဲရိုက်ရန် ရပ်တန့်ပေးခဲ့သည်။

နိုင်ငံရေးအတွေ့အကြုံလုံးဝမရှိသည့် ဇီလန်းစကီးသည် သမ္မတရွေးကောက်ပွဲ နောက်ဆုံးအဆင့်တွင် လက်ရှိသမ္မတ ပီထရိုပိုရိုရှန်ကိုအား ပြတ်ပြတ်သားသားအနိုင်ရခဲ့သည်။

၎င်းသည် လွန်ခဲ့သည့်ခုနစ်နှစ်က ရုပ်သံဇာတ်လမ်းတွဲတစ်ခုတွင် ကျောင်းဆရာဘဝမှ သမ္မတအဖြစ် ပါဝင်သရုပ်ဆောင်ခဲ့ဖူးပြီး ယခုအခါ လက်တွေ့ သမ္မတဖြစ်လာပြီဖြစ်သည်။

အသက် ၄၁ နှစ်ရှိ ဇီလန်းစကီးက နိုင်ငံအရှေ့ပိုင်းတွင် ရုရှားထောက်ခံသည့် ခွဲထွက်ရေးသူပုန်များနှင့် ဖြစ်ပွားနေသည့်စစ်ပွဲကိုအဆုံးသတ်မည်ဖြစ်ကြောင်း ကတိပေးကာ လွှတ်တော်အဟောင်းကို ဖျက်သိမ်းလိုက်သည်။

မိမိတို့သူရဲကောင်းများ ယင်းဒေသတွင်သေဆုံးရခြင်းမရှိရေး အရာအားလုံးလုပ်ဆောင်ရန် အသင့်ရှိကြောင်း၊ မိမိ၏လူကြိုက်များမှုကိုပင် စွန့်လွှတ်နိုင်ကြောင်း၊ ငြိမ်းချမ်းရေးရရန်ဆိုလျှင် မိမိရာထူးကိုပင်စွန့်လွှတ်ရန် အသင့်ရှိကြောင်း ဇီလန်းစကီးက ပြောဆိုခဲ့သည်။

Credit - Myanmar Times


No comments:

Post a Comment