Monday, December 17, 2018

မွန်ပြည်နယ်တွင် ကျပ်သိန်း ၄၀၀၀ နီးပါး လာဘ်ယူခဲ့သည့် အုပ်ချုပ်ရေးမှူးဟောင်းအား အလုပ်နှင့် ထောင်ဒဏ်ခုနစ်နှစ်ချမှတ်


မွန်ပြည်နယ် ကျိုက်ထိုမြို့နယ် ကင်းမွန်ချောင်းကျေးရွာအုပ်စုတွင် ရှိသည့် မြေနှစ် ဧကကျော်ပိုင်ဆိုင်မှုနှင့်ပတ်သက်ပြီး ကျပ်သိန်း ၄၀၀၀ နီးပါးအထိ လာဘ်ငွေရယူခဲ့သူ အုပ်ချုပ်ရေးမှူးဟောင်းအား ထောင်ဒဏ်ခုနစ်နှစ်ကျခံစေရန် တရားရုံးက အမိန့်ချမှတ်ခဲ့သည်ဟု အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်က ဒီဇင်ဘာ ၁၇ ရက် ညနေပိုင်းတွင် သတင်းထုတ်ပြန်သည်။

ရန်ကုန်တိုင်းဒေသကြီး သင်္ဃန်းကျွန်းမြို့နယ်တွင် နေထိုင်သူတစ်ဦးက ၎င်းပိုင်ဆိုင်သည့် မွန်ပြည်နယ် ကျိုက်ထိုမြို့နယ် ကင်မွန်းချောင်းကျေးရွာအုပ်စုကွင်းအမှတ် (၁၇၅) ကဒတ်ချောင်းအပြင်ကွင်း ဦးပိုင် အမှတ် (N-၁၈) ဧရိယာ ၂ ဒသမ ၃၀ ဧကအား တရားဝင် စာရွက်စာတမ်းများဖြင့် ထိန်းသိမ်းစောင့်ရှောက်ရန် အခြားသူတစ်ဦးထံသို့ ပြန်လည်လွှဲအပ်ခဲ့ကြောင်း သိရသည်။

နှစ်ဧကကျော် ကျယ်ဝန်းသည့် မြေနေရာကို ယင်းသို့လွှဲအပ်ခဲ့ရာတွင် ကင်းမွန်ချောင်းကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးကျော်သူရလှိုင်က လွှဲအပ်ခံခဲ့ရသူထံမှ ယင်းမြေကွက်၏ ပုံစံ(၇)အား တရားမဝင် ထုတ်ယူခဲ့ပြီး မြေပိုင်ဆိုင်မှုအား လွှဲပြောင်းပေးအပ်ခြင်းခံရသည့် မြေဝယ်ယူသူထံမှ ပုံစံ(၇)စာရွက်စာတမ်းများကို အကြောင်းပြုကာ အဂတိလာဘ်ငွေအဖြစ် ကျပ်သိန်းပေါင်း ၃၉၅၀ တိတိအား လက်ခံရယူခဲ့သည်ဟု အဆိုပါမြေကွက်အား ရောင်းချခဲ့သည့် ရန်ကုန်တိုင်းဒေသကြီး သင်္ဃန်းကျွန်းမြို့နယ်တွင် နေထိုင်သူတစ်ဦးက တိုင်ကြားခဲ့ကြောင်း သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

အဆိုပါ ဖြစ်စဉ်အား အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်က စုံစမ်းစစ်ဆေးရေးအဖွဲ့ ဖွဲ့စည်းစစ်ဆေးခဲ့ရာတွင် အုပ်ချုပ်ရေးမှူးဟောင်း ဦးကျော်သူရလှိုင်သည် ၎င်းတာဝန်ထမ်းဆောင်နေစဉ် ကာလအတွင်း အခွင့်အာဏာကို အသုံးပြုပြီး အဂတိလိုက်စားမှု ကျူးလွန်ခဲ့သည်ဟု ပြစ်မှုထင်ရှားခဲ့ခြင်းကြောင့် ၎င်းအား ၂၀၁၇ ခုနှစ် ဇူလိုင် ၃၁ ရက်၌ မွန်ပြည်နယ်တရားလွှတ်တော်တွင် အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၆ ဖြင့် တရားစွဲဆိုခဲ့ကြောင်း သိရသည်။



ယင်းနောက် ရာဇဝတ်ကြီးမှုအမှတ် ၃/၂၀၁၇ ဖြင့် လက်ခံကာ မွန်ပြည်နယ် တရားလွှတ်တော်၏ စစ်ဆေးမှုများအပြီး၌ အဂတိလိုက်စားခြင်း ပြစ်မှုထင်ရှားခဲ့သူ အုပ်ချုပ်ရေးမှူးဟောင်း ဦးကျော်သူရလှိုင်အား အလုပ်နှင့် ထောင်ဒဏ် ခုနစ်နှစ်ကျခံစေရန် ဒီဇင်ဘာ ၁၃ ရက်တွင်အမိန့်ချမှတ်ခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

No comments:

Post a Comment