ရွှေတိဂုံစေတီတော်မြတ်ကို ကမ္ဘာ့အမွေအနှစ်စာရင်းဝင်ရန် UNESCO သို့ အဆိုပြု အမည်စာရင်း ၂၀၁၉ ခုနှစ် ဖေဖော်ဝါရီတွင် နောက်ဆုံးထားတင်သွင်းမည်ဖြစ်ကြောင်း သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ ရှေးဟောင်းသုတေသနဦးစီးဌာန၊ ကမ္ဘာ့အမွေအနှစ်ဌာနခွဲမှ ညွှန်ကြားရေးမှူး ဦးသန်းဇော်ဦးက ဒီဇင်ဘာ ၁၇ ရက်တွင် ပြောကြားသည်။
ကမ္ဘာ့အမွေအနှစ်စာရင်းဝင်ရန်အတွက် ပထမအဆင့်အနေဖြင့် အဆိုပြုအမည်စာရင်း (Candidate List) အရင်တင်သွင်းရမည်ဖြစ်ပြီး ၂၀၁၉ ခုနှစ် ဖေဖော်ဝါရီလတွင် တင်သွင်းနိုင်ရန် ကြိုးစားမည်ဖြစ်ကြောင်း သိရသည်။
ကမ္ဘာ့အမွေအနှစ်ဌာနခွဲမှ ညွှန်ကြာရေးမှူး ဦးသန်းဇော်ဦးက “ရွှေတိဂုံဘုရားကို ကမ္ဘာ့အမွေအနှစ် တင်ဖို့အတွက် လိုအပ်တယ့် Candidate List ဆိုတာ အရင်တင်ရပါတယ်ခင်ဗျ။ အဆိုပြုအမည်စာရင်းပေါ့နော်။ စာရင်းတင်ပြီးတဲ့အခါကျမှ နောက်တစ်နှစ်မှ ကျွန်တော်တို့က ဆက်လုပ်ရမှာ ဖြစ်ပါတယ်။ ကျွန်တော်တို့ ၂၀၁၈ နဲ့ ၂၀၁၉ ကြားမှာ တင်မှာဖြစ်ပါတယ်။ ၂၀၁၉ ဖေဖော်ဝါရီလ အဝင်လောက်မှာ အဆိုပြုအမည်စာရင်းပုံစံကိုဖြည့်ပြီး တင်နိုင်အောင်ကြိုးစားပါမယ်။ ဖေဖော်ဝါရီမှာ နောက်ဆုံးထားပြီးတင်မှာပါ ” ဟု မေးမြန်းမှုအား ဖြေကြားသည်။
ကုလသမဂ္ဂ ယဉ်ကျေးမှုအမွေအနှစ် ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့ (UNESCO)သို့ နိုင်ငံတစ်နိုင်ငံအနေဖြင့် ကမ္ဘာ့အမွေအနှစ်စာရင်း တင်သွင်းရန် အဆိုပြုအမည် စာရင်း (Candidate List)ကို စာရင်းတင်သွင်း ပြီးပါက နောက်တစ်နှစ်မှသာ ကမ္ဘာ့အမွေ အနှစ်စာရင်းဝင်ရန် လုပ်ငန်းများတွင် အကျုံးဝင်ကြောင်း သိရသည်။
“ချက်ချင်း ကမ္ဘာ့အမွေအနှစ်စာရင်း ဖြစ်ချင်တယ်ဆိုပြီးတော့ ဒီနှစ်တင် ဒီနှစ်စဉ် စားလို့မရပါဘူးဓ”ဟု ကမ္ဘာ့အမွေအနှစ်ဌာနခွဲမှ ညွှန်ကြာရေးမှူး ဦးသန်းဇော်ဦးက ဆက်လက်ပြောကြားသည်။
ကနဦးအနေဖြင့် အဆိုပြုတင်သွင်းပြီးလျှင် တစ်နှစ်ခွဲခန့်ကြာအချိန်ယူ စာတွဲများ ရေးသားတင်ပြရပြီး တင်သွင်းရကြောင်း၊ ဒုတိယနှစ်တွင် ယဉ်ကျေးမှုနှင့် သက်ဆိုင်လျှင် International Council on Monuments and Sites (ICOMOS) အဖွဲ့ကလည်းကောင်း၊ သဘာဝအမွေအနှစ်နှင့် သက်ဆိုင်လျှင် International Union for Conservation of Nature (IUCN) အဖွဲ့ကလည်းကောင်း လာရောက်စစ်ဆေးကြောင်း၊ ထို့နောက် တတိယနှစ်တွင် ကမ္ဘာ့အမွေအနှစ်ညီလာခံမှာ ဆုံးဖြတ်ချက် ချမှတ်ကြောင်း သိရသည်။
၁၉၉၆ ခုနှစ်တွင် ပုဂံရှေးဟောင်းယဉ်ကျေးမှုဒေသအပါအဝင် ရှစ်ခုကို ကမ္ဘာ့အမွေအနှစ်စာရင်း တင်သွင်းခဲ့ကြောင်း၊ ထို့နောက် အကြောင်းကြောင်းကြောင့် ဆက်မလုပ်ဖြစ်တော့ကြောင်း၊ ၂၀၁၂ ခုနှစ်တွင် ဗိဿနိုး၊ ဟန်လင်းနဲ့ သရေခေတ္တရာ အပါအဝင် ပျူမြို့ဟောင်းသုံးမြို့ကို တင်သွင်းခဲ့ပြီး ၂၀၁၄ ခုနှစ်တွင် ပျူမြို့ဟောင်းသုံးမြို့ ကမ္ဘာ့အမွေ အနှစ်စာရင်းဝင်ခဲ့သည်။
No comments:
Post a Comment