၂ဝဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို လွှတ်တော်တွင် ပြင်ဆင်ရေးကြိုးပမ်းမှုများ အဖြေမထွက်ခဲ့ပါက ပြည်သူလူထုကြီးတစ်ရပ်လုံးက ဥပဒေသစ်တစ်ရပ်ပေါ်ထွန်းရေးအတွက် တိုက်ပွဲဝင်မည်ဟု မိုးကုတ်မြို့ ရေပူဆရာတော်က မိန့်ကြားသည်။
နိုင်ငံလုံးဆိုင်ရာ ရွှေဝါရောင် တော်လှန်ရေး ၁၂ နှစ်ပြည့် အခမ်းအနားကို ယနေ့စက်တင်ဘာ ၁၈ ရက်က ကြည့်မြင်တိုင်မြို့နယ်၊ နတ်စင်လမ်းရှိ သာဓုကျောင်းတိုက်တွင် ပြုလုပ်ခဲ့ရာ အဆိုပါပွဲတွင် ဆရာတော်က မိန့်ကြားခဲ့ခြင်းဖြစ်သည်။
ပြည်သူ့တိုက်ပွဲဖြင့် ၂ဝဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေကြီး ဖျက်သိမ်းကာ အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ပြည်တွင်းငြိမ်းချမ်းရေး ဖော်ဆောင်နိုင်မည့် ဥပဒေသစ်တစ်ရပ် ပေါ်ထွန်းရေးအတွက် တိုက်ပွဲဝင်မည်ဟု ဆရာတော်က မိန့်ကြားသည်။
''၂ဝဝ၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို ပြင်ဆင်တာ၊ ဖျက်သိမ်းတာNLDအစိုးရပဲပြင်ပြင်၊ စစ်တပ် ပြင်တာပဲဖြစ်ဖြစ် ၊ ဖျက်သိမ်းမယ်ဆိုရင်လည်း ထောက်ခံပါလို့ပြောစရာမလိုဘဲ ဘုန်းကြီးတို့က ထောက်ခံသွားမယ်။ ဘယ်အဖွဲ့အစည်းက ပြင်ပြင်ပါ'' ဟု မိန့်ကြားသည်။
လက်ရှိအချိန်ထိ ရဟန်းရှင်လူ ပြည်သူများ ဒီမိုကရေစီ ရရှိရေးအတွက် တောင်းဆိုခဲ့သော်လည်း ယနေ့အထိ အပြည့်အဝမရသေးသဖြင့် ပြည်သူလူထု အနေဖြင့် တောင်လှန်ရေးစိတ်ဓာတ် ဆက်လက် ရှင်သန်စေရန် ရွှေဝါရောင် ဦးဆောင် ဆရာတော် ဦးစန္ဒာသီရိ (ခ) ဦးပဉ္စင်းပုရစ်က တိုက်တွန်းခဲ့သည်။
'' ရွှေဝါရောင် ဆရာတော် တောင်းဆိုချက်တွေ နောက်ပြန်ဆုတ်ရင် ရှစ်လေးလုံးက တောင်းဆိုချက်လည်း အခုထိမရသေးပါဘူး။ အခုထိ မပြီးဆုံးသေးပါဘူး။ တော်လှန်ရေးစိတ်ဆက် လက်ရှင်သန်ဖို့လိုတယ်။''ဟု ဆရာတော်က မိန့်ကြားသည်။
အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ပါတီ ဦးဆောင်သည့် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေး ပူးပေါင်းဝန်းရံဆောင်ရွက်ရေး ၊ တစ်နိုင်ငံလုံး စစ်ပွဲများရပ်စဲ၍ နိုင်ငံရေး စားပွဲဝိုင်းပေါ်တွင် ဆွေးနွေးရေး၊ဘာသာရေး ခုတုံးလုပ်၍ နိုင်ငံရေးအကျိုးအမြတ် အတွက် အသုံးချခြင်းမှ ကာကွယ်ရေး အချက် (၃) ချက် အဓိကထားကြောင်း ပွဲပြုလုပ်ရခြင်းနှင့်ပတ်သက်၍ ဆရာတော်က မိန့်ကြားသည်။
လာမည့် ၂ဝ၂ဝ ရွေးကောက်ပွဲတွင် အရပ်သားအစိုးရကို လိုချင်ပါက အရပ်သားအစိုးရ ထောင်ထားသည့်ပါတီများကို မဲပေးရန် ရွှေဝါရောင် ဆရာတော် ဦးပဏ္ဍဝံသ (ခ) ဦးပြည်ကျော် ကတိုက်တွန်းခဲ့သည်။
နိုင်ငံလုံးဆိုင်ရာ ရွှေဝါရောင်တော်လှန်ရေး သဘောထားထုတ်ပြန်ချက်တစ်စောင်ကို ယနေ့စက်တင်ဘာ ၁၈ ရက်အခမ်းအနားတွင် ထုတ်ပြန်ခဲ့သည်။
ယင်းထုတ်ပြန်ချက်တွင် ယနေ့ အခြေအနေအရ ၂ဝဝ၈ ဖွဲ့စည်းပုံ အခြေခံဥပဒေပြင်ဆင်ရေးနှင့် မပြင်ဆင်လိုသည့် အင်အားစုတို့ကြား အားပြိုင်လွန်ဆွဲနေသည့် ကာလဖြစ်ကြောင်း၊ လွှတ်တော်တွင်း ပြင်ဆင်နေသည့် အခြေခံဥပဒေပြင်ဆင်ရေး ကြိုးပမ်းမှု အဖြေမထွက်ပါက လွှတ်တော်တွင်း တိုက်ပွဲမှသည် ပြန်သူလူထုကြီးတိုက်ပွဲအဖြစ် တိုက်ပွဲဝင်မည်ဖြစ်ကြောင်း ၊ ထိုကြောင့် ဖွဲ့စည်းပုံ ပြင်ဆင်ရေးတွင် အဟန့်အတားဖြစ်နိုင်သည့် ဘာသာရေး ၊ လူမျိုးရေး ၊ ပဋိပက္ခမျိုးစုံကို ရည်ရွယ်ချက်ရှိရှိ ဖန်တီး ဖော်ဆောင်လာနိုင်ခြေများကို သတိရှိရှိ ကာကွယ်တားဆီးရန် အထူးလိုအပ်ကြောင်း စသည့် အချက် ၁၈ ချက်ပါ ထုတ်ပြန်ချက်တစ်စောင်ကို ထုတ်ပြန်ခဲ့သည်။
Credit - Myanmar Times
No comments:
Post a Comment