Monday, December 3, 2018

ရဂုံတစ်ဝိုက်မှာဖြင့် အကုန်ဝရိုက် (Right)

ဒီဇင်ဘာ ၃ ရက်၊ ၂၀၁၈ 
(တစ်)
ရောဂါဝေဒနာတွေထဲမှာ ရုပ်မှာစွဲကပ်တဲ့ ဝေဒနာနဲ့ စိတ်မှာ စွဲကပ်တဲ့ ဝေဒနာရယ်လို့ နှစ်မျိုး ရှိသဗျ။ ပြောရရင် ခြေဆစ်၊ လက် ဆစ်တွေ ကိုက်တာခဲတာမျိုး၊ ဝမ်း ပျက်ဝမ်းကိုက်ဖြစ်တာမျိုးဟာ ရုပ် ဝေဒနာပဲပေါ့။ အဲ... စိတ်ဓာတ် တွေ အမြဲတမ်းကျနေတာမျိုး၊ ကိုယ့်ကို အခြားတစ်ပါးသော သတ္တဝါတွေက ထာဝရမကောင်း ကြံနေတာပဲလို့ ထင်မြင်ယူဆနေ တာမျိုးကကျတော့ သေချာပါပြီ။ အဲဒါ စိတ်ဝေဒနာအမျိုးအစား ပေါ့။
အခု... စုံနံ့သာမြိုင်မှာဖြစ်နေ တဲ့ စိတ်ဝေဒနာက တော်တော် ကလေး ထူးဆန်းထွေလာရှိလွန်း သဗျ။ တစ်တောလုံးလိုလိုဖြစ်နေ တာ။ တစ်ကောင်ကနေ တစ် ကောင်ကို ကူးစက်သွားလိုက်တာ များဆိုတာ ဗိုင်းရပ်စ် (Virus) တွေ၊ ဘာတွေကျရောက်သလိုကို ဖြစ်နေတော့တာ။
တောသတ္တဝါတွေဟာ Yes (or) No လို့ဆိုတဲ့ အင်းနဲ့ ဟင့်အင်း ကို မကွဲပြား၊ မခွဲခြားနိုင်တော့တဲ့ ရောဂါတစ်မျိုး ကပ်ငြိလို့နေခဲ့တာ ကြာခဲ့ပေါ့တဲ့။ ပရီဖား (Prefer) လို့ဆိုတဲ့ ဘယ်ဟာကို ပိုကြိုက် တယ်၊ ဘယ်အရာကို ပိုမကြိုက် ဘူးဆိုတဲ့ စိတ်တွေ မရှိတော့တာ တဲ့။
ကဲ... ပြောနေတာ ကြာပါ တယ်။ ဂျက်ကွမ်းခြံကုန်းတွေ့ကြုံ ဆုံစည်းခဲ့ရတဲ့ တောထဲက Yes (or)No ပျောက်ဆုံးသွားခြင်း၊ အင်းနဲ့ ဟင့်အင်း မကွဲပြားတော့ခြင်း အ တွေ့အကြုံကလေးတွေကို အ ကျဉ်းမျှ ရှင်းပြလိုက်တာက ပို ကောင်းမယ်ထင်ပါရဲ့။
(နှစ်)
မျောက်ကလေးတစ်ကောင် ကျောင်းသွားဖို့ ပြင်ဆင်နေတဲ့ တစ်ရက်မှာ သူ့မေမေ မျောက်မ ကြီးက သားဖြစ်သူ ကျောင်းမှာ စားဖို့ ငှက်ပျောသီးကလေး သုံး၊ လေး၊ ငါးလုံး ထည့်ပေးလိုက်ဖို့ လုပ်ပါတယ်။ ငှက်ပျောက်သီးက မျောက်အိမ်မှာ သုံး၊ လေးမျိုးရှိနေ တာဆိုတော့ ထုံးစံအတိုင်း မေးရ ပြီပေါ့။
‘‘သားရေ ဖီးကြမ်းလား၊ ရခိုင်လား၊ နံ့သာပုလား၊ ဘာကြိုက်လဲ မေမေ့သား’’
ကျောင်းသွားတော့မယ့် မျောက်သားငယ်ပြန်ဖြေပုံက တုံး တိတိ။
‘‘ဘာဖြစ်ဖြစ် ရတယ်တဲ့။
‘‘ဟဲ့... မဟုတ်ဘူးလေ၊ ဘယ်ငှက်ပျောကို ပိုကြိုက်သတုံး မေ့သားရဲ့’’
‘‘ဘာဖြစ်ဖြစ် ရပါတယ်ဆို’’
မာမီ မျောက်မကြီး တိတ် သွားတယ်။ သားက ဖီးကြမ်းကို (ဒါမှမဟုတ်) ရခိုင်ကို (ဒါမှ မဟုတ်) နံ့သာပုကို ပိုကြိုက်တယ်။အဲဒါကို ထည့်ပေးလို့ ဖြစ်စေချင် တာ။ ဒါမှမဟုတ်ရင်လည်း ကလေးဘာသာဘာဝ ရွှေငှက် ပျောကို ရအောင်ရှာပေးတို့၊ သား က သီးမွှေးမှ ကြိုက်တာလို့ဆိုပြီး ပူဆာစေ့ချင်တာ။
အခုတော့ကြည့်။ ဘာဖြစ် ဖြစ်ရလေသတဲ့။ မျောက်သား ကလေးမှာ ဘာကို ပိုကြိုက်တယ်၊ ဘာကို ပိုမကြိုက်ဘူးဆိုတာ မရှိ တော့။
(သုံး)
တစ်ရက်တော့ ဖျံမကြီး တိရစ္ဆာန်ဈေးထဲ ဝင်လာပါလေ ရော။ ထုံးစံအတိုင်း ငါးသည် ရှေ့ မှာ မတ်တတ်သွားရပ်တာပေါ့။
‘‘လုပ်ဟယ် သုံးဆယ်သား လောက်’’တဲ့။
အရင်းမရှိ၊ အဖျားမရှိ။ ငါး ရောင်းမယ့် ဖျံမကလေးက ပြန် မေးတာပေါ့။
‘‘အစ်မကတော့ လုပ်ပြီ။ နေ့ တိုင်း သို့ကလိုချည်းပဲ။ ဘာငါးတုံး အစ်မရဲ့။ ငါးကြင်း၊ ငါးဖယ်၊ ငါး ပတ်၊ သုံးဆယ်သားတော့ သုံး ဆယ်သားပေါ့’’တဲ့။
ဖျံမကြီးက ပိုက်ဆံအိတ်ကို ဆွဲဖွင့်နေရင်းက ဘယ်ငါးကိုမှ မက်မက်မောမော လှမ်းမကြည့် ဘဲ ဖြေပါတယ်။
‘‘ကဲ့... ထည့်ပါဟယ်။ ဘာ ငါးဖြစ်ဖြစ် သုံးဆယ်သားပေါ့။ အချိန်ကုန်လို့’’ဆိုလား။
ပြတ်ကရော။
(လေး)
တေးချစ်သူ တိရစ္ဆာန် ကလေးတစ်ကောင်ကို မေးကြည့် မိတယ်။ အဆိုတော်တွေထဲမှာ ဥဩနဲ့ ချိုး ဘယ်သတ္တဝါ ပိုကြိုက် သတုံးလို့။
‘‘ထူးပါဘူးဗျာ။ အကုန် ကြိုက်ပါတယ်’’တဲ့။
အစပ်ကြိုက်တဲ့ ကြက်တူ ရွေးကို မေးမိပါရဲ့။ ဘယ်ငရုတ် ကြိုက်သတုံးပေါ့။ မိုးမျှော်လား၊ ကုလားအော်လား၊ ကိုင်းသီးလား၊ ရွှေအပ်လား။ ဖြေပုံကကြည့်။
‘‘စပ်တာချည်းပါပဲ။ အကုန် ရတယ်’’ဟူ၍။
ယုန်ကလေးက မုန်လာဥ နီသည်ဖြစ်စေ၊ ဖြူသည်ဖြစ်စေ ဆိုလား။ နွားက ကောက်ရိုးဖြစ် စေ၊ မြက်ဖြစ်စေတဲ့။ ပုရွက်ဆိတ် က ထန်းလျက်လည်းချို၊ သကြား လည်းချိုပါသတဲ့။
စုံနံ့သာမြိုင်မှာ အင်း၊ ဟင့် အင်း မရှိတော့။ Yes တွေ No တွေ အရေးမကြီးတော့။ ရဂုံတစ် ဝိုက်မှာ အကုန်ရိုက် (Right) ဆို လား။
တိရစ္ဆာန်တွေ ဟောသည် ဘက်နှစ်ပိုင်းတွေမှာ အနို့ကလို ဖြစ်လာနေခဲ့ကြတာ သိသိသာ သာရှိလွန်းလှပါသတဲ့။
အဲဒါဟာ တောသတ္တဝါတွေ ဆီမှာကျ ရောက်လာတဲ့ စိတ် ရောဂါလက္ခဏာတစ်မျိုးဆိုလား။
‘‘မထူးပါဘူး’’တဲ့။
အနို့ကလို။


(ငါး)
အနို့ကလို မထူးပါဘူးဆိုတဲ့ စိတ်ခံစားမှုရောဂါ၊ အတူတူပါပဲ ဆိုတဲ့ ဝေဒနာတောထဲမှာ စပြီး သန္ဓေတည်လာတာက ကြားဖြတ် ရွေးကောက်ပွဲကတဲ့ ခင်ဗျ။
တစ်ခါတော့ စုံနံ့သာမြိုင် တောထဲက တစ်နေရာဖြစ်တဲ့ သရက်ချောင်မှာ လွှတ်တော် ကိုယ်စားလှယ် တစ်နေရာ လစ် လပ်ပါလေရော။ အဲသမှာ ဝင်အ ရွေးခံတာက သတ္တဝါနှစ်ကောင်။ တစ်ကောင်က ကျား။ တစ်ကောင် က ဝံပုလွေ။
မဲဆန္ဒရှင် သတ္တဝါတွေ တစ် ကောင်မှ မဲလာမပေးကြဘူးဆို လား။ မဲရုံကလေးဟာ ကမ္မဋ္ဌာန်း ကျောင်းကလေးလို တိတ်ဆိတ် လို့။ အလှုပ်အရှားမရှိ။
‘‘ဘယ်သတ္တဝါပဲတက်တက် အကိုက်ခံရမှာက အကိုက်ခံရမှာ ပဲ။ ဒဏ်ရာအကြီးအသေးပဲကွာ မှာ။ ထည့်မနေနဲ့ အဲသည့်မဲ’’တဲ့။
ဟုတ်ပ။ နောက်ပိုင်း စုံနံ့ သာမြိုင်မှာ တောအုပ်ချုပ်ရေးအ တွက် ရွေးကောက်ပွဲကလေးတွေ လုပ်တဲ့အခါ ကြားဖြတ်ပဲ လုပ် လုပ်၊ ကြားမဖြတ်ပဲ လုပ်လုပ် ဘယ်သတ္တဝါမှ မဲလာမထည့်ကြ တော့ဘူး။
‘‘တောလီဒါတွေ ဘယ်လို ပြောင်းပြောင်း တို့များ သတ္တဝါ တွေကတော့ ရဂုံအတွင်းမှာ ဒုံရင်းက ဒုံရင်းပါပဲကွာ’’တဲ့။
အဲဒါ တောအသံ။ သဘော အမှန်။
အနို့ကလိုနဲ့ ဘာမဲမှ မထည့် ချင်ကြတော့တဲ့တောဟာ စိတ် သဘောထားတွေ ဘယ့်နှယ်ဘယ့် နှယ် ပြောင်းလဲသွားလေတယ် မသိ။ နောက်ပိုင်းမှာ ငါးဝယ်ဝယ်၊ ဖားဝယ်ဝယ် ဘာကိုကြိုက်တယ်၊ ဘာကို မကြိုက်ဘူးရယ်လို့ မရှိ တော့။ အင်းတွေ၊ ဟင့်အင်းတွေ စိတ်မဝင်စားတော့။ ဘာဖြစ်ဖြစ် ရတယ်ဆိုတာချည်း။
(ခြောက်)
ဘယ်အရာကိုမှ ပိုကြိုက် တယ်ဆိုတာလည်း မရှိ၊ ပိုမကြိုက်ဘူးဆိုတာလည်း မရှိတော့ဘဲနဲ့ ဘေးဖယ်ကာ မရွေးမချယ်နေ တတ်တဲ့ တောစရိုက်ဟာ မော ဟိုက်စရာကောင်းလွန်းလှပါဘိ။ အကုန်လုံး အောရိုက် (All Right) ပါပဲကွာဆိုတဲ့ သဘောထားနဲ့ တောဘဝကို လျှော့ချပစ်လိုက်တဲ့ စိတ္တဇဝေဒနာကြီးဟာ သတ္တဝါ တိုင်းမှာ စွဲကပ်လို့။
တိရစ္ဆာန်ဆေးကုဆရာဝန် တွေ တောကို ပထမဦးဆုံး စပြီး ကုရမှာက သတ္တဝါတွေ ကြိုက် တာကို ကြိုက်ကြောင်း၊ မကြိုက် တာကို မကြိုက်ကြောင်း ပြောချင် တဲ့ ဆန္ဒကလေးတွေ ပြန်ပြီးပေါ် လာဖို့။ အချိန်ဘယ်လောက်ကြာ ကြာ ယူရမယ်မပြောတတ်ပါ ဘူး။ ။
(ဂျက်ကွမ်းခြံကုန်းသည် သရော် စာ ရေးသားသူဖြစ်သည်။)
credit- 7Days
#YawMinGyi #ဆောင်းပါးကဏ္ဍ

No comments:

Post a Comment