လုံခြုံရေးအပါအ၀င် ကူညီမည်ဟု မိုင်းလားအဖွဲ့ဆို
အစိုးရနှင့် ကချင်အဖွဲ့ (KIA)၊ တအာင်းအဖွဲ့(TNLA)၊ ကိုးကန့်အဖွဲ့(MNDAA)၊ ရခိုင်အဖွဲ့(AA) တို့၏ အပစ်အခတ်ရပ်စဲ ရေးညှိနှိုင်းမှု ဆွေးနွေးပွဲကို မိုင်းလားတွင် ပြုလုပ်ရန် အစိုးရဘက်က အမှန်တကယ် အဆိုပြုပါက လက်ခံနိုင်ကြောင်း AA ပြောရေးဆိုခွင့်ရှိသူ ခိုင်သုခက သြဂုတ် ၂၇ရက်တွင် ပြောသည်။
‘‘မိုင်းလားဆိုလို့ရှိရင် ကျွန်တော်တို့ ညီနောင်မဟာမိတ်တွေဘက်ကလည်း ဖြစ်နိုင်တယ်လို့ထင်တယ်။ ဘာကြောင့်လဲဆို တော့ မိုင်းလားက ကျွန်တော်တို့မဟာမိတ် အဖွဲ့အစည်းလည်း ဖြစ်တယ်။ တကယ် အစိုးရဘက်ကနေ မိုင်းလားကို အဆိုပြုတယ်ဆိုရင်တော့ ဖြစ်နိုင်ခြေအများကြီးရှိ ပါတယ်’’ဟု ၎င်းကဆိုသည်။
အစိုးရ အနေဖြင့် အပစ်ရပ် ဆွေးနွေးပွဲကို မိုင်းလားတွင် ပြုလုပ်ရန် လွန်ခဲ့သည့် တစ်လခွဲကျော်ကတည်းက မြောက်ပိုင်းလေးဖွဲ့ထံ အဆိုပြုခဲ့ရာ KIA ကအဆိုပြုချက်ကို လက်ခံသော်လည်း သုံးဖွဲ့က အကြောင်း မပြန်၍ ဆွေးနွေးပွဲ မလုပ်နိုင်ခဲ့ဟု အစိုးရ ဆွေးနွေးရေး ကိုယ်စားလှယ်ဦးလှမောင်ရွှေက ပြောသည်။
‘‘ဇွန်လ ၃၀ ဆွေးနွေးပွဲ (အလွတ်သဘောဆွေးနွေးပွဲ) ပြီးကတည်းက နောက်တစ်ကြိမ်ကို နှစ်ပတ်လောက်အတွင်းမှာ တွေ့ ဖို့ အဆိုပြုခဲ့တာ။ မိုင်းလားမှာ လည်း တွေ့နိုင်ဖို့ဆိုတာ အဆိုပြု ခဲ့တယ်’’ဟု ဦးလှမောင်ရွှေက ပြောသည်။
ယခင်က မြောက်ပိုင်းသုံးဖွဲ့ တာဝန်ရှိသူများအနေဖြင့် အစိုးရ၏ မိုင်းလား၌ တွေ့ဆုံရန် အဆိုပြုချက်အပေါ် လက်ခံခြင်းရှိ၊မရှိ မတုံ့ပြန်ခဲ့သော်လည်း ၎င်းတို့အတွက် လုံခြုံရေးစိတ်ချရသည့် နေရာတွင်သာ တွေ့ဆုံလိုကြောင်း ဖြေကြားခဲ့သည်။
ထို့နောက် သြဂုတ် ၁၅ ရက်တွင် မြောက်ပိုင်းသုံးဖွဲ့က တပ်မတော်နည်းပညာတက္ကသိုလ် အပါအ၀င် ပြင်ဦးလွင်နှင့် နောင်ချိုမြို့နယ်အတွင်း နေရာငါးခုကို တစ်ပြိုင်တည်း တိုက်ခိုက်ပြီးနောက် ရှမ်းမြောက်တွင် တပ်မတော်နှင့်၎င်းတို့အကြား တိုက်ပွဲပြင်းထန်ခဲ့ သည်။ သြဂုတ် ၂၀ ရက်တွင် မြောက်ပိုင်း လက်နက်ကိုင် အဖွဲ့များကို တရုတ်အထူးကိုယ်စားလှယ်က ခေါ်ယူတွေ့ဆုံပြီး တိုက်ပွဲများရပ် တန့်ရန် ပြောဆိုခဲ့ကြောင်း ယင်းအဖွဲ့၏ တာဝန်ရှိသူအချို့က ဖြေကြားထားသည်။ ထိုအခြေအနေ တွင် မြောက်ပိုင်းသုံးဖွဲ့က မိုင်းလားတွင် တွေ့ဆုံရန် အဆိုပြုချက် ကို လက်ခံနိုင်ကြောင်း အသိပေး ခဲ့ခြင်း ဖြစ်သည်။
မိုင်းလားတွင် ဆွေးနွေးပွဲ လုပ်မည်ဆိုပါက သွားလာနေထိုင် စားသောက်ရေး၊ လုံခြုံရေးကို ဆောင်ရွက်ပေးမည်ဟု မိုင်းလား အဖွဲ့ (NDAA) အထွေထွေအတွင်းရေးမှူး ဦးကြည်မြင့်က ပြော သည်။
‘‘ကျွန်တော်တို့ ကြားတဲ့ သတင်းကတော့ သူတို့ ကျိုင်းတုံမှာတွေ့မယ်လို့ ကြေညာတာ။ မိုင်းလားမှာ တွေ့မယ်ဆိုတာ မကြားဘူး။ ကျွန်တော်ကြားတာ ကျိုင်းတုံမှာပါ။ အခုထိ ပြောင်းလဲမှု မရှိဘူး’’ ဟု ၎င်းကဆိုသည်။
အစိုးရ၊ တပ်မတော်အနေ ဖြင့် အပစ်ရပ်ဆွေးနွေးပွဲကို ယခင်က မိုင်းလား၌ ကျင်းပရန် မြောက်ပိုင်းလေးဖွဲ့သို့ အဆိုပြု ထားသော်လည်း လေးဖွဲ့အနက် သုံးဖွဲ့ကသြဂုတ် ၁၅ ရက်တွင် တိုက်ခိုက်ခဲ့ခြင်းကြောင့် ၎င်းတို့အဆိုပြုချက် အပြောင်းအလဲ ရှိ၊ မရှိ အတည်ပြုချက် မရသေးပေ။
အစိုးရနှင့် မြောက်ပိုင်းလက် နက်ကိုင် လေးဖွဲ့တို့သည် ၂၀၁၈ နှစ်ကုန်ကတည်းက အပစ်ရပ်စဲရေး ဆောင်ရွက်ရန် ညှိနှိုင်းလျက် ရှိရာ ဧပြီ ၃၀ ရက် မူဆယ်ဆွေးနွေး ပွဲတွင် Bilateral အပစ်ရပ်စဲရေး ဆောင်ရွက်နိုင်ရေး ဆက်လက်ညှိနှိုင်းရန် သဘောတူခဲ့သော် လည်း ဆွေးနွေးပွဲကျင်းပမည့် နေရာကို ညှိနှိုင်းမရ၍ လေးလခန့်အထိ တရားဝင် တွေ့ဆုံပွဲ မလုပ် နိုင်သေးပေ။
Credit - 7 Day Daily
No comments:
Post a Comment