တရားရုံးများတွင် ကျင်လည် ကျက်စားနေသည့် အမှုပွဲစားများ၊ နယ်စားရှေ့နေများ၏ မမှန်မကန်လုပ်ရပ်များအား ဖော်ထုတ်အရေး ယူနိုင်ရေးအတွက် တရားရုံးများတွင် လာရောက် တိုင်ကြားနိုင်ကြောင်း ပြည်ထောင်စုတရားလွှတ်တော်ချုပ်ရုံးမှ သိရသည်။
“တရားရုံးများမှာ အမှုပွဲစားများ၊ကျက်စားလေ့ရှိခြင်းကြောင့် တရားစီရင်ရေး မဏ္ဍိုင်တိမ်းစောင်းမှုမရှိစေရန်အလို့ငှာ ယင်းတို့၏ မမှန်မကန်လုပ်ရပ်များကို ဖော်ထုတ်အရေးယူရန် လိုအပ်လျက်ရှိ ပါတယ်။ အကြောင်းအမျိုးမျိုးဖြင့် တရားရုံးသို့ ဆက်နွယ်ရောက်ရှိ လာကြသူကလည်း အမှုပွဲစားရှေ့နေဆိုသူများနှင့်စပ်လျဉ်း၍တရားရုံးသို့ ဖော်ထုတ်တိုင်ကြားနိုင်ပါတယ်”ဟု ပြည်ထောင်စုတရားလွှတ်တော် ချုပ်ရုံးမှ တရားသူကြီးဦးစိုးနိုင်ကပြောသည်။
ယနေ့ ကျင်းပပြုလုပ်သည့် ပြည်သူ့လွှတ်တော်အစည်းအဝေးတွင် ကော့သောင်းမဲဆန္ဒနယ်မှ ကိုယ်စားလှယ် ဦးခင်ဇော်မှ တရားရုံးများတွင် အမှုပွဲစားများပပျောက်ရေးကို မည်ကဲ့သို့ စီမံဆောင်ရွက်နေခြင်းကို သိလိုခြင်း မေးမြန်းမှုအပေါ် တရားသူကြီးမှ အထက်ပါအတိုင်းပြန် လည်ဖြေကြားခဲ့ခြင်းဖြစ်သည်။
ထို့ပြင် တရားရုံးသို့ တိုင်ကြားထားသူအား တရားရုံးမှ လက်ခံကျေနပ် ဖွယ်ရာ သက်သေထင်ရှားကြောင်း စုံစမ်းတွေ့ရှိပါက ၎င်း ၏ အမည်အား အမှုပွဲစားအမည်စာရင်းထည့်သွင်းခြင်းနှင့် ထုတ်ပြန်ကြေညာ သွားမည်ဖြစ်ကြောင်း ဦးစိုးနိုင်ကပြောသည်။
တရားရုံးများတွင် ကျင်လည် ကျက်စားနေသည့် အမှုပွဲစားများ၊ နယ်စားရှေ့နေကိစ္စများအား ဖော်ထုတ်အရေးယူနိုင်ရန်အတွက်လည်း ပြည်ထောင်စုတရားလွှတ်တော်ချုပ်မှ ညွှန်ကြားချက်များ ၊ကြေညာချက်များက ထုတ်ပြန်ထားကြောင်းသိရသည်။
ယင်းကြေညာချက်များအရ မမှန်မကန်လုပ်ဆောင်မှု မျိုးဖော်ထုတ်တွေ့ရှိပါက ထိုသူအား တရားသူကြီးများမှ ထိရောက်စွာအရေးယူပေးရန် ပြည်ထောင်စုတရားလွှတ်တော်ချုပ်မှ ညွှန်ကြားထားကြောင်း သိရသည်။
ထို့အတူ အမှုပွဲစားများ၏မမှန်မကန် လုပ်ဆောင်မှုများတွင် တရားသူကြီးများနှင့် တရားရုံးဝန်ထမ်းများ ပူးပေါင်းပါဝင်မှု၊ အားပေးကူညီမှု လုံးဝ မရှိစေရေးအတွက်လည်း ညွှန်ကြားထားကြောင်း သိရသည်။
အမှုပွဲစားအဖြစ်ဆောင်ရွက်နေသူများသည် တရားရုံးများတွင် တရားရုံးအသီးသီးသို့ တရားစွဲတင်ပို့လာသည့် ရာဇ၀တ်ကြောင်း ဆိုင်ရာ အမှုများ၊တရားမကြောင်းအရဆွဲဆိုထားသည့် အမှုများတွင် အစ မှ အဆုံးထိ အဆင်ပြေစွာဆောင်ရွက်ပေးရေး၊ အမှုအနိုင်ရရှိရေး များအတွက် တရားသူကြီးများနှင့် နီးစပ်မှုရယူကာ ပွဲစားအဖြစ်ဆောင် ရွက်နေသည့် အမှုများအား ဦးစားပေးဆောင်ရွက်စေခြင်း ၊ မမှန်မကန်တိုင်ကြားစေခြင်း နည်းလမ်းများသုံး၍ ဆောင်ရွက်နေကြောင်း ဦးစိုးနိုင်ကပြောသည်။
Credit - The Fifth Wave News
No comments:
Post a Comment