နိမှသောင်
-----------------------------------
ဒီရက်ပိုင်းတွေမှာ AAရဲ့ မထော်မနန်းကိစ္စတွေက ပြည်သူအများစုရဲ့စိတ်နှလုံးကိုမချမ်းမြေ့စေခဲ့ပါဘူး။ ဘယ်သူမှားတယ်၊ ဘယ်သူမှန်တယ်ဆိုတာ အထွေအထူး မဝေဖန်ချင်ဘူးခင်ဗျ။
ဒါပေမဲ့ တော်ရုံမကြောက်တတ်တဲ့ ကျွန်တော်လည်း လွန်ခဲ့တဲ့နှစ်က လေယဉ်လက်မှတ်ဝယ်၊ ဟိုတယ်Booking လုပ်ထားပြီးမှ မြောက်ဦးကိုသွားမဲ့ကိစ္စ cancel လုပ်လိုက်ရပါတယ်။ ဘာကြောင့်လည်းဆိုတော့ ကိုယ့်လုံခြုံရေးကို ကိုယ်တိုင်စိတ်မချရတော့လို့ပါ။ AAက ပြည်သူထဲကို ထဲထဲဝင်ဝင်စိမ့်ဝင်ပျံ့နှံ့နေပြီဆိုတာ သိလိုက်ရလို့ပါခင်ဗျ။
ခုတော့ AAကိုယ်တိုင်က စစ်မီးကို မွှေးတယ်။ နိုင်ငံတော်က ကြေညာချက်ထုတ်တော့ AAကိုယ်တိုင်သာမက ရခိုင်ပါတီကပါကြေညာချက်ထုတ်နေမှတော့ သေချာနေပြီလေ။ အားလုံးတစ်စိတ်တစ်ဝမ်းထဲဆိုတာကိုပေါ့။
ရခိုင်ဒေသဟာ ၁၉၈၀မှာ ဗိုလ်သက်ထွန်းလက်နှက်ချပြီးကတည်းက ယေဘုယျအားဖြင့်ငြိမ်းချမ်းတယ်လို့ ပြောနိုင်ပါတယ်၊ ခုလို စစ်မီးမွှေးပြီးမှတော့ တပ်မတော်က ဘယ်လိုသာလွန်အင်အားနဲ့နှိမ်နှင်းစေဦးတော့ ဘယ်မှာရုတ်တရက်ငြိမ်းနိုင်ပါ့မလဲခင်ဗျာ။
စစ်တလင်းဖြစ်လို့ချမ်းသာသွားတဲ့ဒေသဆိုတာ မကြားဖူးပါဘူးခင်ဗျာ။ ဒီတော့စစ်ပွဲတွေကြာတာနဲ့အမျှ နဂိုဆင်းရဲတဲ့ ရခိုင်ပြည်သူတွေပိုဆင်းရဲဖို့သာပြင်ထားပါတော့ခင်ဗျာ။ ဒီတော့စစ်ရဲ့ အနိဌာရုံတွေဖြစ်တဲ့ စစ်ဘေးရှောင်တွေ၊ ၁၇(၁)နဲ့ ထောင်ကျတာတွေ၊ မိုင်းလက်နက်ထိလို့ တို(၁) ရှည်(၁) ဖြစ်တာတွေ ပြောမဆုံးပေါင် တောသုံးတောင်ပါပဲ ခင်ဗျာ။
ရိုးသားတဲ့ပြည်သူတွေဘဝကိုပဲ သနားပါတယ်ဗျာ။ သူတို့ဆင်းရဲတွင်းနက်ဖို့ဘဲ ရှိပါတယ်။ မသမာတဲ့၊မူမမှန်တဲ့ခေါင်းဆောင်တွေရဲ့ သမိုင်းကြောင်းကို ထောက်ပြပြီး ဘိုးတော်ဦးဝိုင်းကိုတောင် မောင်ဝိုင်းလို့ ချိုးချိုးဖဲ့ဖဲ့ခေါ်ဆိုကြပေမဲ့ ဗမာတွေက သွေးချင်းရခိုင်တွေကို ခွင့်လွှတ်နိုင်ပါတယ်။
သမိုင်းမှာ ဗမာ၊ မွန်၊ ရခိုင်၊ ရှမ်း၊ ထိုင်းတို့ အားကြီးသူကလက်ရုံးဆန့်တန်းတိုက်နေခဲ့ကြတာပါပဲ။ မတရားဘူးဆိုရင်လည်း ယခင်က လွန်ခဲ့တဲ့ နှစ်၃၀၀/၄၀၀ က ကိစ္စတွေလေဗျာ။
နောက်ဆုံးတော့ ရခိုင်သမ္မတကြီးဖြစ်ချင်တဲ့လူတစ်စုရဲ့ သွေးထိုးမြှောက်ပင့်မှုကို ယုံကြည်တဲ့ရခိုင်သွေးချင်းရော မယုံကြည်သူရောအားလုံးဒုက္ခရောက်ရင် ဗမာတွေ ပျော်မယ်လို့မထင်ပါနဲ့၊ ကျွန်တော်တို့လည်း စိတ်ဆင်းရဲရမှာ အမှန်ပါပဲ။
ဒါကြောင့် ရခိုင်ကိစ္စကို ကျွန်တော်ပေးချင်တဲ့ မှတ်ချက်ကတော့ တစ်ခုပါပဲခင်ဗျာ၊ အဲဒါကတော့ သွေးချင်းတို့ "နိမှသောင်" ကြပါလိမ့်မယ်။ခုတော့ သွေးပူနေတာမို့ ဘယ်
လိုပြောပြော နားဝင်မှာ မဟုတ်ပါဘူး။
စာပြီးရက်-၂၀၁၉ ဇန် ၉
credit -MP MAUNG MYINT
No comments:
Post a Comment